Friday, September 03, 2010

ပြည်သူတွေရဲ့အလှည့်


၁။ နအဖ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုရွေးကောက်ပွဲမျိုးလဲ။

၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာ ချုပ်ကိုင်မှုကို ဆက်လက် သက်ဆိုးရှည်အောင် လုပ်ပေးမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။

၂။ နအဖက ဘာကြောင့် ရွေးကောက်ပွဲ လုပ်ရတာလဲ။

စစ်တပ်ဆိုတဲ့ အမည်နဲ့ မြန်မာနိုင်ငံကို ဆက်လက် အုပ်ချုပ်လို့ မရဘူးဆိုတာကို နအဖစစ်ခေါင်းဆောင်တွေ လက်ခံထားတဲ့အတွက် စစ်တပ်အုပ်ချုပ်မှုကို အသွင်ပြောင်းပြီး မြန်မာနိုင်ငံမှာ လူထုကနေ  ရွေးကောက် တင်မြှောက်တဲ့ အရပ်သားအစိုးရ ရှိနေပါပြီ ဆိုတာကို နိုင်ငံတကာကိုပြဖို့ ရွေးကောက်ပွဲလုပ်တာဖြစ်ပါတယ်။

၃။ ဘယ်သူ့မှာ အဓိက အာဏာ ရှိမှာလဲ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်ဟာ အာဏာအရှိဆုံး ဖြစ်မှာပါ။ အနာဂတ် မြန်မာ နိုင်ငံမှာ စစ်တပ်က အစိုးရအဖွဲ့အတွင်းမှာ အဓိကကျတဲ့ သမတ၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ တရားရေး၊ နယ်စပ်ဖွံ့ဖြိုးရေး စတဲ့ ရာထူးတွေကို စစ်တပ်ကပဲ ရယူထားမှာပါ။ ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ် အခြေအနေမှာ အာဏာသိမ်းနိုင်တယ် ဆိုပြီး အာမခံချက်ပေးထားပါတယ်။

၎။  နိုင်ငံတကာက ပြောသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာလား။

ရွေးကောက်ပွဲ ကော်မရှင်ကို နအဖစိတ်ကြိုက်လူတွေနဲ့ ဖွဲ့ထားပါတယ်။ ကော်မရှင် အကြီးအကဲဟာ စစ်ဥပဒေချုပ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်တဲ့ကိစ္စ၊ နိုင်ငံရေးဟောပြောမှု၊ စည်းရုံးမှု စတာတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်ထားပါတယ်။ ရွေးကောက်ပွဲဝင် မတ်လောင်းများ စဘော်ငွေ တင်ရမယ့်ကိစ္စ၊ အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးသတ်မှတ်ရက် စတဲ့နေရာတွေမှာ အချိန်မမီ ငွေမမီ ဖြစ်အောင် လုပ်ထားပါတယ်။ လူထုနဲ့ ပါတီဝင်တွေကို စုံစမ်းစစ်ဆေး မေးမြန်းတာ၊ အာဏာပိုင် အဆင့်ဆင့်က အတိအလင်း ဓာတ်ပုံရိုက်ယူတာတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ မဲပေးတဲ့နေ့မှာ ပြည်သူတွေ အနှောင့်အယှက် ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် မဲထည့်ရရုံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုပြီး သတ်မှတ်လို့မရပါဘူး။

၅။ ဒေါ်အောင်ဆန်းစုကြည်ကို အဘယ်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် လုပ်ဆောင်ထားရသလဲ။

စစ်တပ်က အာဏာချုပ်ကိုင်ထားတာကို သူမတဦးတည်းသာ ခြိမ်းခြောက်နိုင်တယ်လို့ နအဖ စစ်ခေါင်းဆောင်တွေက ခိုင်ခိုင်မာမာ ယုံကြည်ထားလို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ လူထုက အမြဲရှိတယ်ဆိုတာ နအဖစစ် ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ထားလို့ ဖြစ်ပါတယ်။

၆။ ဘယ်သူတွေကို ရွေးကောက်ပွဲဝင်ခွင့်ပြုမှာလဲ။

ကြံ့ဖွတ်ပါတီ ကိုယ်စားပြုသူအားလုံး ရွေးကောက်ပွဲဝင်ခွင့် ရမှာပါ။ ကြံ့ဖွတ်အမတ်တွေကို သေချာပေါက် အနိုင်ယူနိုင်မယ့် ကျန်တဲ့ ၄၁ ပါတီက အမတ်လောင်းတွေကို ရွေးကောက်ပွဲမှာ ၀င်မပြိုင်နိုင်အောင် ဥပဒေ ပုဒ်မ စွဲချက်အမျိုးမျိုးနဲ့ တားမြစ်ပိတ်ပင်ဖို့ လုပ်မှာပါ။ လက်ရှိအုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ်သိန်းစိန် ဦးဆောင်တဲ့ သူတွေအားလုံး ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီး ဒီလူတွေပဲ နအဖအစိုးရဆိုတဲ့ နေရာမှာ နာမည်ပြောင်းပြီး လူထုရွေးတဲ့ ဒီမိုကရက်တစ်အစိုးရ ဆိုပြီး လုပ်မှာပါ။

၇။ နိုင်ငံရေးပါတီတွေရဲ့အနေအထားဘယ်လိုရှိသလဲ။

အားလုံးသိတဲ့အတိုင်း ကြံ့ဖွတ်က နိုင်ငံပိုင် ပစ္စည်းဥစ္စာတွေကို ရထားတဲ့အပြင် လက်ရှိရာထူးတွေကို အသုံးပြုပြီး လူထုကို ငွေကြေးပစ္စည်းတွေ၊ အခွင့်အလမ်းတွေပေးပြီး စည်းရုံးနေပါတယ်။ ကျန်တဲ့ နိုင်ငံရေး ပါတီတွေဟာ ငွေကြေး၊ လူအင်အား၊ အချိန်နဲ့ အာဏာပိုင်တွေရဲ့ ကန့်သတ်မှု မျိုးစုံအောက်မှာ စည်းရုံးနေရပါတယ်။ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပါတီတွေကလွဲပြီး ဘယ်ပါတီကမှ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားလို့မရပါဘူး။ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားရမယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေအနေနဲ့ စစ်တပ် လက်ဝါးကြီးအုပ်တဲ့ နိုင်ငံရေးစနစ် မြန်မာပြည်မှာ ခိုင်ခိုင်မာမာ ထွန်းကားရေးအတွက် အုတ်တချပ် သဲတပွင့်ပမာ ပါဝင်တဲ့ အဆင့်ထက် မကျော်နိုင်အောင် နအဖ စစ်ခေါင်းဆောင်တွေက လုပ်ထားမှာဖြစ်ပါတယ်။

၈။ ပြည်သူတွေ ဘယ်သူ့ကို မဲပေးမှာလဲ။

ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုမဲပေးရမလဲ ဆိုတာကို မစဉ်းစားခင်မှာ နံပတ် ၁ မေးခွန်းကို အရင်ဆုံး အလေးထား စဉ်းစားပြီးမှ မဲပေးဖို့ မပေးဖို့ကို ဆုံးဖြတ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် လက်ဝါးကြီးအုပ်တဲ့ နိုင်ငံရေးစနစ်တရပ် အခိုင်အမာ ပေါ်ထွန်းလာရေးအတွက် ကိုယ်ကိုယ်တိုင် ပါဝင်မလား မပါဝင်ဘူးလားဆိုတာ သေသေချာချာ စဉ်းစားဖို့လိုပါတယ်။

၉။ ပြည်သူတွေ ဘာလုပ်သင့်သလဲ။

၁၉၉၀ ခုနှစ်က ပြည်သူတွေ တာဝန်ကျေခဲ့ပါတယ်။ ပြည်သူအများစုက အဲန်အဲလ်ဒီပါတီကို မဲပေးခဲ့ပါတယ်။ အဲန်အဲလ်ဒီက ပြည်သူတွေ လိုလားတောင့်တတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ နှစ်ပေါင်း ၂၀ အတွင်းမှာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အခုတခါ ပြည်သူတွေရဲ့အလှည့် ပြန်ရောက်လာပြန်ပါပြီ။ နိုင်ငံရေး အလှည့်အပြောင်းတခု ဆိုက်ရောက်ပါတော့မယ်။ စစ်တပ် ကြီးစိုးတဲ့ နိုင်ငံရေးစနစ်တရပ် မပေါ်ထွန်းဖို့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ ဒီတော့ ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်ရင် မှောက်ကြပါ။ ကြိုတင်မဲများ လုံးဝ(လုံးဝ) မထည့်ကြပါနဲ့။ မဲမပေးပဲနေလို့ရရင် မဲမပေးပါနဲ့။ မဲပေးရမယ့် အခြေဆိုက်ရင်လည်း ပယ်မဲဖြစ်အောင်လုပ်ပါ။ အမတ်လောင်း အားလုံးကို ကန့်ကွက်ပစ်ပါ။ မဲထည့်ဖို့ သွားမယ်ဆိုရင် ကိုယ့်ရဲ့ သားသမီး မြေးမြစ်တွေရဲ့ မျက်နှာတွေကို မြင်ယောင်ကြည့်ပါ။ မမွေးဖွားသေးတဲ့ ကိုယ့်ရဲ့ သွေးမျိုးဆက်တွေအတွက် မျှော်တွေးကြည့်ပါ။
ကျော်ကျော်စိုး
 source http://2010ebc.wordpress.com/

0 comments: