Monday, July 22, 2013

ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူ ရေနံချောင်းမြို့တွင် ဆက်ထားရန်တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၀

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၃၃ ခုနှစ် ကျောင်းသားဘဝက ရေးသားခဲ့သော ပါဠိဘာသာ မှတ်စုစာအုပ်ကို ရေနံချောင်းမြို့တွင် ဆက်လက်ထားရှိရန် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တောင်းဆိုကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်က The Voice သို့ ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်းစာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့ထံမှ တောင်းယူသွားကြောင်း အထက (၁) ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

သမိုင်း အမွေအနှစ်တစ်ခုကို မြို့နယ်လူထုဆန္ဒ တောင်းခံခြင်း မပြုဘဲ ယူဆောင်သွားသဖြင့် မြို့နယ်တွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် ပါတီများက ဆန္ဒပြတောင်းခံရန် ကြိုးပမ်းနေကြောင်း ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်က ပြောကြားသည်။

မြို့နယ် ဒုဥက္ကဋ္ဌ ဦးတင့်လွင်က“ဗိုလ်ချုပ်နဲ့ ဆိုင်တဲ့ပစ္စည်းတွေ အစအန ဖျောက်ပစ်မှာကို လူတွေက စိုးရိမ်နေတယ်” ဟုဆိုသည်။

ယင်းလက်ရေးမူကို ရေနံချောင်းမြို့တွင် ဆက်လက်မထားရှိလိုပါက ဗိုလ်ချုပ်အောင်ဆန်း၏ အမွေဆိုင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံ အပ်နှံသင့်ကြောင်း ၎င်းကအကြံပြု ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ်မှာ ဆွေးမြည့်နေသဖြင့် ရေရှည် ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံတော်သို့ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လှူဒါန်းကြပြီး (၆၆) နှစ်မြောက် အာဇာနည်နေ့တွင် မှတ်တမ်းတင်လောက်သည့် လှူဒါန်းမှုအဖြစ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ကြသည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့်မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာဆည်းပူးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်းကို ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက်ဖွင့်လှစ်ထားပြီး ဒေသခံ များက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။