Wednesday, June 12, 2013

ဒေါ်စုကို ဘယ်သူတွေ တိုက်ခိုက်နေတာလဲ

မေသင်္ကြန်ဟိန်(မြစ်မခ)

World Economic Forum ကို သွားပြီး တက်ရောက်ခဲ့တဲ့ မြစ်မခ သတင်းအေဂျင်စီက ဆရာ(ဦး)ညွှန့်အောင်(မြစ်မခ) နဲ့ ဒီနေ့ အေးအေးဆေးဆေး စကားပြောဖြစ်မှ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က Forum မှာ နိုင်ငံအတွက် ဆွေးနွေးခဲ့တာတွေက အများကြီးပါ။

ဒေါ်စုက ရင်းနှီးမြှုပ်နှံမဲ့ သူတွေကို မြန်မာနိုင်ငံထဲက အမြတ်အစွန်းယူရုံတင်မကဘဲနဲ့ မြန်မာလူမျိုးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် စေတနာထား ဆောင်ရွက်ကြဖို့၊ ပြည်ပက ကျွမ်းကျင်သူတွေ ခေါ်လာမဲ့ အစား မြန်မာလူငယ်တွေကို ကျွမ်းကျင်မှု သင်တန်းတွေ ပေးဖို့ တိုက်တွန်းတာလည်း ကြားရပါတယ်။

နောက်တစ်ခုက တစ်ချို့သော ပြဿနာတွေသည် ဘာသာရေးပြဿနာလည်း မဟုတ်၊ နိုင်ငံရေးပြဿာနာလည်း မဟုတ် လူမှုရေး ပြဿာနာလည်း မဟုတ်၊တရားဥပဒေစိုးမိုးရေး အားနည်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာရတာတွေဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာတွေ ရှိပါတယ်။

ဒါပေမဲ့ ဂျာနယ်တွေ၊ သတင်းမီဒီယာတွေမှာတော့ဒ်ါအောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တယ်ဆိုတာကိုပဲ အများဆုံး ရေးသားကြတာ တွေ့ရတယ်။ အဲဒါဘာကြောင့်ပါလဲ။

ဒါ့အပြင် နိုင်ငံရေးအသိုင်းအ၀ိုင်းတွေမှာလည်း NLD ရဲ့ အားနည်းချက်တွေကို ထောက်ပြရုံသာမက အပုတ်ချတာတွေ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်မှု သဘောတွေလည်း တွေ့လာရပါတယ်။

နိုင်ငံရေးပါတီတစ်ခုကို အပြုသဘောဆောင်ပြီး ဝေဖန်ထောက်ပြခြင်းက ကောင်းမွန်တဲ့ရည်ရွယ်ချက် ဖြစ်ပေမဲ့ အပုတ်ချတာကတော့ တိုက်ခိုက်မှု သဘောပဲဖြစ်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပြည်သူလူထုနဲ့ သွေးခွဲနေတာအပြင် မီဒီယာအချို့ကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နည်းမျိုးစုံသုံးပြီး တိုက်ခိုက်လာကြတာလည်း တွေ့ရပါတယ်။

အဲဒီလို တိုက်ခိုက်နေသူတွေကတော့ အစိုးရအဖွဲ့ မဟုတ်ဘဲနဲ့ ၂၀၁၅ ကို ရည်မှန်းနေတဲ့ နိုင်ငံရေးအင်အားစုတွေများ ဖြစ်နေမလား။

စိတ်ဝင်စားစရာကောင်းသလို၊ ၂၀၁၅ ကို ရည်မှန်းနေသူများရဲ့ နောက်ခံသမိုင်းကြောင်းတွေကိုလည်း ပြည်သူတွေ သိဖို့ လိုအပ်လှပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)