Thursday, May 23, 2013

ကျန်းမာရေးဝံချီး ဘာလုပ်နေလဲ?


(မောင်ဝံသ)

၂၂ မေ ၂၀၁၃ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
တစ်မျိုးသားလုံးအတွက် အရေးကြီးလို့ပါ
သည်တစ်ပတ်ဖြင့် ပုံမှန်ဆောင်းပါး မရေးတော့ဘဲ အပြည့်အ၀ အနားယူ လိုက်မယ်လို့ စိတ်ကူးထားတာ မရေးမဖြစ် ရေးချင်စိတ်ပေါ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတစ်ခုကြောင့် ရေးဖြစ်သွားပါတယ်ခင်ဗျာ။
အကြောင်းက ကျွန်တော် အများဆုံးရေးလေ့ရေးထရှိတဲ့ နိုင်ငံရေး အကြောင်းအရာ မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးဖြစ်ပေမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်လို့ ယုံကြည်တဲ့အတွက် အလေးထားပြီး ရေးသားလိုက်ရပါတယ်။
မီဒီယာတွေက ပြောခဲ့ပေါင်းများပြီ
မီဒီယာတွေမှာ သည်အကြောင်းအရာကို ဖွင့်ချဖော်ထုတ်ရေးခဲ့တာ တွေလည်း ဖတ်ဖူးပါတယ်။ တစ်ချိန်တည်းမှာ စောင်ရေကောင်းလှသော မီဒီယာကြီးအချို့မှာကို သူတို့ရဲ့ ဆေးခန်းကြော်ငြာကြီးတွေနဲ့ မစားရ၀ခမန်း အလိမ်အညာ ရေးသားချက်တွေကို အပတ်တိုင်း တွေ့နေရပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဆက်တိုက်ဖိထားလေတော့ စောစောက မီဒီယာလေးတွေမှာရေးခဲ့တဲ့ အဲဒီ မသမာဆေးခန်းတွေအကြောင်းက စာဖတ်ပရိသတ်များများ မဖတ်မိလိုက်ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန် ပါလေရော။
ကျွန်တော်က ကိုယ်တိုင်ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသ ခံယူနေရသူဖြစ်လို့ ရောဂါဝေဒနာရှင်များကို ကိုယ်ချင်းစာနာမိပါတယ်။ မိမိမှာ စွဲကပ်နေတဲ့ ရောဂါကို အမြန်ပျောက်ကင်းချမ်းသာလိုတယ်။ ဖြစ်နိုင်ရင် ဥုံဖွမန်းမှုတ်လိုက်ရုံနဲ့ ပျောက်တယ်ဆိုရင်လည်း မန်းမှုတ်ခံလိုက်ချင်တာပဲ။ ဘယ်က ဆရာကတော့ ဆေးတောင်ဝှေးနဲ့တို့လိုက်ရုံနဲ့ပျောက်ကရောဆိုလည်း ပျောက်ချင်ဇောနဲ့ ပြေးသွားချင်တာပဲ။
လူနာကို စကားပြန်နဲ့ပြောရတယ်
သည်လိုအချိန်မျိုးမှာ နိုင်ငံရေးပွင့်လင်းလာချိန် အသွင်ကူးပြောင်းရေး ကာလကို အခွင့်ကောင်းယူပြီး သည်ဆေးခန်းတွေ သည်လူတွေ ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ လူဝါမျိုး နိုင်ငံခြားသားတွေဖြစ်ပြီး လူနာတွေကို စကားပြန်နဲ့ ပြောရပါသတဲ့။ ရောဂါမပျောက်ရင် ဆေးဖိုးဝါးခတွေအားလုံး ပြန်လျော်မယ်လို့ ကြော်ငြာမှာ လိမ်ညာကြော်ညာထားပေမယ့် ဘာမှ ထပ်မံ ပြောဆိုခွင့်မရကြပါဘူး။ ဆေးပေးခနဲ့ ဆေးဖိုးက မြန်မာငွေ သိန်းချီပြီး ယူပါတယ်။ မီဒီယာတချို့က တာဝန်သိသိနဲ့ အဲဒီမသမာဆေးခန်းတွေ အကြောင်း၊ စကားပြန်နဲ့ ပြောရတဲ့ ဆေးဆရာဆိုသူတွေအကြောင်းကို ရေးခဲ့ကြတာ ကြာပါပြီ။ သို့ပေမယ့် ဘာတစ်ခုမှ စစ်ဆေး အရေးယူမှုပြုလုပ်တယ်ဆိုတာ မကြားမသိရပါဘူး။ တရားဥပဒေစိုးမိုးရေးလက်တံက အဲဒီ ဆေးခန်းတွေဆီ မရောက်ဘူးထင်ပါ့ဗျာ။
ဒေါက်တာမြသိန်းဟန်နှင့်တွေ့ဆုံခန်း
ခုတော့ တာဝန်သိမီဒီယာတစ်ခုဖြစ်တဲ့ မော်ဒန်ဂျာနယ် (၁၇ မေ ၂၀၁၃)မှာ သတင်းထောက် ဟေမာန်ညီညီရဲ့]]အမြစ်ပြတ်ကုသည်ဆိုတိုင်း ယုံသင့်သလား၊ ရင်ခေါင်းနှင့် အထွေထွေ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြသိန်းဟန်နှင့် တွေ့ဆုံခြင်း}}ဆိုတဲ့ မျက်နှာပြည့် အင်တာဗျူး ဆောင်းပါးဖတ်လိုက်ရလို့ မော်ဒန်ကို အထူးကျေးဇူးတင်လျက် ကျွန်တော့် ပြည်သူ့ခေတ်ကော်လံကပါ စာဖတ်ပရိသတ် မြန်မာ တိုင်းရင်းသားပြည်သူများထံ ထပ်ဆင့် နှိုးဆော်လိုက်ပါရစေ။
သည်ကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သတိပေးနှိုးဆော်မှုဟာ မီဒီယာကြီးတချို့မှာ မျက်နှာပြည့် မျက်နှာဝက် ကြော်ငြာကြီးတွေနဲ့ ဖိထားတဲ့အောက်မှာ ]သက်ငယ်ချောင်းနဲ့ ခေါင်းလောင်း ထိုး}ရသလိုများ ဖြစ်သွားလေမလားလို့ အားငယ်မိပါတယ်။
သို့ပေမယ့် ပြည်သူ့ခေတ်ဂျာနယ်ဖတ်တဲ့ ပရိသတ်၊ ကျွန်တော့် ပင်တိုင်ဆောင်းပါး ပုံမှန်ဖတ်တဲ့ ပရိသတ်များကို ရွှေပေလွှာဆရာတွေလိုပဲ ပန်ကြားလိုတာက သည်ဆောင်းပါးဖတ်ပြီးတဲ့အခါ စကားစပ်မိသမျှ မိတ်ဆွေ သင်္ဂဟများကို လက်ဆင့်ကမ်း သတင်းပေးကြဖို့ ဖြစ်ပါတယ်။
စီးပွားရေးတင်မကဘူးထင်မိတယ် 
ဒါဟာ မသမာစီးပွားရေးသမားတချို့ရဲ့ လုပ်ရပ်သာ ဖြစ်နိုင်ပါတယ်၊သိပ်လည်း အတွေးမခေါင်ပါနဲ့လို့ ပြောချင်လည်း ပြောကြပါတော့။ ကျွန်တော်ကတော့ သည်လောက် ငွေကြေးရော၊ သြဇာအာဏာရော ပုံအောပြီး မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ ပြည်သူ့ကျန်းမာရေးကို ဘက်စုံ ထိခိုက်အောင်၊ လမ်းလွဲရောက်အောင် ထိထိရောက်ရောက် လုပ်လာနေ တာဟာ စီးပွားရေးရည်မှန်းချက်လောက် မကဘူးလို့ ထင်တယ်ဗျ။ အနောက်နိုင်ငံတွေကို စားသောက်ကုန်တွေပို့ရင် စည်းမဲ့ကမ်းမဲ့မလုပ်ရဲပေမယ့် နယ်စပ်ကနေ မြန်မာနိုင်ငံကို ပို့တဲ့စားသောက်ကုန်တွေကျတော့ တမြေ့မြေ့ သေစေနိုင်တဲ့ အဆိပ်အတောက်ပါတာတွေကို ဈေးပေါပေါနဲ့ ပို့တတ်တဲ့ ရာဇ၀င်ရှိသူ သည်လူတွေကို သတိထားနိုင်မှ တန်ကာကျမယ်လို့ ကျွန်တော်က အလေးအနက်သတိပေးချင်တယ်ဗျာ။
ကိုင်း… ဆရာကြီး ဒေါက်တာ မြသိန်းဟန်က မော်ဒန်ဂျာနယ်ကို သူ့ကိုယ်တွေ့ ပြန်ပြောတာတွေထဲက သိသင့်တာလေးတွေ ထပ်ဆင့်ဝေမျှ ပေးလိုက်ပါတယ်။
သုံးတဲ့စက်တွေကြည့်ခွင့်မပေး
]]ဆရာ့အနေနဲ့ လိပ်ခေါင်းရောဂါ၊ ရင်သား ခွဲစိတ်ကုသတာတွေလုပ်တဲံအတွက် သူတို့ရဲ့ ကုသနည်းတွေ ကောင်းရင် လူနာတွေကို လွှဲပေးချင်တဲ့ ဆန္ဒရှိလို့ ဆရာကိုယ်တိုင် သွားလေ့လာတယ်။ ဆေးခန်းတစ်ခုကို ဆရာသွားပြီး ကျွန်တော်က ဆရာဝန်ပါ၊ ကုသတာကောင်းရင် လူနာတွေကို ပို့ချင်လို့ ဆေးကုသတာ ကြည့်ချင်တဲ့အကြောင်း၊ သုံးတဲ့စက်တွေကို ကြည့်ချင်တဲ့အကြောင်း ပြောတယ်။ သူတို့က ကြည့်ခွင့်မပေးဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊}}
ဘယ်လိုနည်းနဲ့ ဆေးခန်းလိုင်စင်ရနေသလဲမသိ
မေး။ အဲသည်ဆေးခန်းတွေက ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိလားဆရာ။
ဖြေ။ ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိမရှိကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊အလိုက် ဆေးရုံ ဆေးခန်း ကြီးကြပ်ရေးကော်မတီကနေ သွားစစ်ဆေး တယ်။ တချို့ဆေးခန်းတွေမှာ ဆေးခန်းဖွင့်ခွင့်လိုင်စင်မရှိဘူး။ လိုင်စင်ရမှ ဖွင့်ဖို့ ပြောပြီး ခဏပိတ်ထားခိုင်းလိုက်တယ်။ အဲသည်လို ပိတ်ထားခိုင်းချိန်မှာပဲ အလားတူ ဆေးခန်း သုံးလေးခု ပေါ်လာတယ်။ လိုင်စင်ရနေတယ်။ သူတို့ ဘယ်လိုနည်းနဲ့ရလဲ မသိဘူး။ လိုင်စင်နဲ့ဖွင့်နေတာတွေကော လိုင်စင်မရှိဘဲ ဖွင့်နေတာတွေပါ တွေ့နေရတယ်။
ဆေးကောင်စီကိုလည်း မလာဘူး
]]ဆေးကောင်စီက အနောက်တိုင်းဆေးပညာအတွက် လိုင်စင် ထုတ်ပေးတာ။ အခုဟာက ဆရာတို့နဲ့ ပတ်သက်တဲ့ ဆေးပညာ မဟုတ်ဘူး။ အနောက်တိုင်းရော တိုင်းရင်းဆေးရော အားလုံးပေါင်းပြီး မဆီမဆိုင် စာလုံးတွေနဲ့ ရေးပြီး ကြောငြာထားတာ။ ဆရာတို့လို ဆေးပညာရှင်တွေ နားမလည်နိုင်အောင် ရေးထားတာ။ နိုင်ငံခြားသားဆရာဝန်က အနောက်တိုင်း ဆေးပညာနဲ့ မြန်မာနိုင်ငံမှာ ကုချင်ရင် ဆေးကောင်စီကို လျှောက်ထားရတယ်။ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ပေးသင့်မပေးသင့် စဉ်းစားတယ်။ _ _ _ အခုဆေးခန်းတွေက ဆရာတို့ ဆေးကောင်စီကိုလဲ မလာဘူး။}}
မီဒီယာကကြော်ငြာတွေ
]]သည်လိုဆေးခန်းတွေရှိနေတာကို မီဒီယာတွေကတစ်ဆင့် ပြည်သူတွေ သိရတာ များတယ်။ မီဒီယာတွေကို သည်လို ကြော်ငြာတွေ မထည့်ပါနဲ့ လို့ မပြောလိုပါဘူး။ ဒါပေမယ့် အထောက်အထား ခွင့်ပြုချက် ယူပြီးမှ လုပ်ရင် ပိုပြီး ပြည်သူကို ကာကွယ်ပေးရာရောက်မယ်။ ပြောင်းလဲလာတဲ့ အခုလိုအချိန်မှာပြည်သူကို ကူညီပံ့ပိုးရမယ့်အစား စီးပွားရေးသမားတွေကို အားပေးသလို ဖြစ်နေတာမျိုး မဖြစ်စေချင်ပါဘူး}}
ဆရာကြီးဒေါက်တာ မြသိန်းဟန်က တာဝန်သိ ဆရာဝန်ကြီး တစ်ယောက်အနေနဲ့ရော၊ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ရော လုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့တယ်ဆိုတာ မော်ဒန်ဂျာနယ်ရဲ့ အင်တာဗျူးမှာ အထင်အရှားတွေ့ရပါတယ်။ အဲဒီ နိုင်ငံခြားသားဆရာဆိုသူတွေ စကားပြန်နဲ့ ရမ်းကုလုပ်နေတဲ့ ဆေးခန်းတွေမှာ ငွေသိန်းနဲ့ချီပေးခဲ့ရပြီး ဘာရောဂါမှ မပျောက်သူ လူနာတွေက ဆရာကြီးဆီလာရောက်တိုင်ပင်တဲ့အခါ သိရတာတွေကိုလည်း ပြောပြထားပါတယ်။
ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ သည်မသမာသူတွေရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေက အဂတိတရားကင်းကင်းနဲ့ တားမြစ်အရေးယူဖို့လိုသလို ပြည်သူတွေအပိုင်း ကလည်း သူတို့ ကြော်ငြာကောင်းတိုင်း မယုံကြပါနဲ့၊ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြပါ၊ တတ်သိနားလည်တဲ့ မြန်မာဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီးမှ ကျန်းမာရေးဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါကြောင်း။
၁၉ ၀၅ ၂၀၁၃
maungwuntha@gmail.com


မျှဝေပေးပါတယ်