Sunday, January 06, 2013

ရခိုင်ပြည်နယ်ပြိုကွဲခဲ့လျင်


(ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) ၏တိုးတက်ရေးသတင်းလွာတွင် ရေးသားဖော်ပြခဲ့သောဆောင်းပါးကို ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ ယခုဆောင်းပါးတွင် စာရေးသူ၏ အကွက်ကျကျ ထိထိမိမိ ရေးသားခဲ့သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးခြင်းကိုလဲ ခံခဲ့ရပါသည်။)

ရန်ကုန်မှာ ရခိုင်တွေအများကြီး ဖြစ် လာပြီ။
ရခိုင်တွေ အများကြီးဖြစ် လာတော့ ရခိုင်တစ်ယောက်ဖြစ်တဲ့ ကျနော်လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့ မတွေ့မဖြစ် တွေ့လာရတယ်။

ဟိုအရင်တုန်းက ကျနော်တို့ တစ်လမ်းပေါင်းမှ ရခိုင်အိမ်(၂)အိမ်ပဲ ရှိတယ်။ အခုဆို တစ်လမ်းလုံးပေါင်းရင် ရခိုင်အိမ်(၆)အိမ်အထက်မှာ ဖြစ်လာပြီ။ ကျနော် တွေးမိတယ်။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့ လူဦးရေယိုစီးရုံသာမက ပြည်မကြီးနဲ့ အခြား ပြည်နယ်တွေကိုပါ တစိမ့်စိမ့် လူဦးရေ ယိုစီးခြင်း ခံနေရတယ်။

နှစ်စဉ်နှစ်တိုင်းပဲ အခြားပြည်နယ်နဲ့ ပြည်မကြီးက လူငယ်တွေလိုပဲ ရခိုင်လူငယ်တွေ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေကို အလုပ်အကိုင်နဲ့ ငွေကြေးအတွက် ထွက်ခွာနေကြတယ်။ မောင်တောနဲ့ ဘူးသီးတောင်လို လုံခြုံစိတ်ချမှုမရှိတဲ့ ဒေသက ရခိုင်တွေကလည်း ပြည်မကြီးကို အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြတယ်။

အခုဆိုရင် ရန်ကုန်တိုင်းမှာဆို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ရတဲ့အထိ များပြားနေပြီ။ ရန်ကုန်မှာ များပြားနေတာဟာ ရခိုင်မှာ ရခိုင်လူမျိုးတွေ တဖြည်းဖြည်း အားလျှော့နေတာကို ညွှန်းတယ်။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် ဘင်္ဂါလီတွေကို ဘယ်နည်းနဲ့မှ တွန်းလှန်နိုင်စရာ လမ်းမမြင်ဘူး။

တစတစ လျှော့နည်းလာတဲ့ လူဦးရေဟာ နိုင်ငံတော်အစိုးရအဖို့ အဲဒီဒေသမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးဖို့၊ လုံခြုံမှုရှိအောင် လုပ်ပေးဖို့ မီးမောင်းထိုးပြနေပေမယ့် တာဝန်ရှိသူတွေကတော့ မြင်ပုံမရဘူး။ တာဝန်ရှိသူတွေမြင်တာက ဘင်္ဂါလီနဲ့ ပတ်သက်ပြီး နိုင်ငံခြားရဲ့အငြိုအငြင် မခံရဖို့ပဲ၊ ၀န်ကြီးဦးခင်ရီကတောင် ပြောလိုက်ပါပြီ။ ရခိုင်ပြည်မှာ ခိုးဝင်တဲ့ ဘင်္ဂါလီမရှိတဲ့။ မအံ့သြမိတော့ပါဘူး။ ခံခဲ့ရပေါင်းလည်း များခဲ့ပြီလေ။
ပြဿနာတစ်ကြိမ်ဖြစ်ပြီးတိုင်း ရခိုင်လူမျိုးတွေ ကိုယ့်မြေကို စွန့်ခွါနေကြရင် နောင်မဝေးလှတဲ့ နှစ်တွေများမှာ ရခိုင်ပြည်ရဲ့ အနာဂါတ်ဟာ မတွေးရဲစရာပဲ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ပြည်နယ်ကိုစွန့်ခွာ သွားခဲ့ကြတဲ့ တိုင်းရင်းလူမျိုးအဖြစ်ကိုပါ ရောက်သွားနိုင်ချေရှိတယ်။

အစိုးရအနေနဲ့ နှစ်ပေါင်းငါးဆယ်လောက်အတွင်း မြန်မာနိုင်ငံ တစ်ခုလုံးကို ပြန့်နှံ့သွားတဲ့ ရခိုင်လူဦးရေကို အခုထဲက စာရင်းကြို ကောက်ကြည့်သင့်တယ်။ ဘယ်လူမျိုးကမှ ကိုယ့်ဒေသလုံခြုံရင်၊ ကိုယ့်ဒေသ စီးပွားရေးကောင်းရင်၊ ကိုယ့်ဒေသကို စွန့်ခွာမှာမဟုတ်ဘူး။

ရခိုင်ကမ်းလွန်ဒေသမှာ သဘာဝဓါတ်ငွေ့ထွက်တယ်၊ ရေနံထွက်တယ်။ နည်းနည်းမဟုတ်ဘူး၊ အကြီးအကျယ်ကိုထွက်တာ။ ရခိုင်ကမ်းမြောင်ဒေသဟာ ရေနက်ဆိပ်ကမ်းဆောက်ရတဲ့အထိ အချက်အချာကျတယ်။

ဒါပေမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေ အကုန်လုံးကို နိုင်ငံတော် အစိုးရကပဲ ရယူသွားတယ်။ သဘာဝဓါတ်ငွေ့ အလျှံ အပါယ်ထွက်တဲ့ ရခိုင်ဒေသမှာ မြို့နယ်အချို့ကလွဲပြီး ရွာတွေမီးမရကြဘူး၊ မီးရတဲ့ မြို့နယ်တွေကလည်း ညနေ(၆)နာရီ ကနေ (၁၀)နာရီလောက်ပဲရတယ်။ မီတာခကလည်း ခေါင်ခိုက်နေရဲ့။

ပုဂ္ဂလိကမီးတွေဆို ကိုယ်တိုင်မီးကြိုးသွယ်၊ တိုင်ထောင်၊ မီတာခကို နင့်နေအောင်ပေးပြီး ယူရတယ်။ ရခိုင်မြေက သယံဇာတတွေကို ရခိုင်ပြည်နယ်သားတွေ (၁၀)ရာခိုင်နှုန်းတောင် ခံစားခွင့်မရှိဘူး။ စီးပွားရေး အခွင့်အရေး တစ်ခုမှ မပေးနိုင်ဘူး။ အများစုဟာ လယ်သမားနဲ့ တံငါသည်တွေ ဖြစ်နေတယ်။ လယ်သမားတွေကလည်း စစ်တပ်ရဲ့ အသိမ်းကို ခဏခဏခံနေရတယ်။ တံငါသည်တွေဆီက နယ်ဗီ(တပ်မတော်ရေတပ်)က ဓါတ်မီးတလက်လက်နဲ့ ကမ်းကပ်ခိုင်းပြီး စက်လှေဆို ဆီတောင်းတယ်၊ လှေဆို ငါးတောင်းတယ်။

ဘင်္ဂါလီတွေဟာ အပေါင်းအသင်း ဆံ့တယ်၊ ရခိုင်တွေက ကန့်လန့်ပြောတယ်၊ ဘင်္ဂါလီတွေက ဖားယားတတ်တယ်၊ ရခိုင်တွေက ဂွပြောတယ်၊ ဘင်္ဂါလီတွေက ဆရာအခေါ်ကောင်းတယ်၊ ရခိုင်တွေက ဒုတ်ထိုး အိုးပေါက်။ ရခိုင်ပြည်မှာ တာဝန်ကျတဲ့ အစိုးရအရာရှိဝန်ထမ်းအများစုက ဘင်္ဂါလီတွေနဲ့ တည့်တယ်။ ရခိုင်တွေကိုရွံ့တယ်။ ဒဲ့ပြောလွန်းတော့၊ အပြောအဆိုမတတ်တော့ ရိုင်းတယ်ဖြစ်တယ်။ ဘင်္ဂါလီတွေက အဲ့နေရာ တော်တယ်၊ သနားအောင်နေတယ်၊ ခြေသလုံး ဖက်မတတ် ဖားတယ်၊ ရခိုင်ပြည်မှာ ရခိုင် အများစုဟာ လူရာမ၀င်တော့ဘူး။

ကားလမ်းတွေဟာ အင်္ဂါဂြိုလ်ရဲ့ မျက်နှာပြင်ကို မှန်းဆမိစေတယ်။ ဆေးရုံတွေဟာလည်း မြို့နယ်တွေမှာပဲရှိတယ်။ တချို့ ကျေးရွာဘက်က လူနာတွေဟာ ကားလမ်း မရှိတော့(မကောင်းတော့) လမ်းမှာပဲ အသက် ဆုံးသွားရရှာတယ်။ တောင်ကုတ်မြို့ကနေ ကျောက်ဖြူ၊ အမ်း၊ စစ်တွေဘက်ကိုသွားရင် နွေရာသီဆို မျောက်ဖြူဖြစ်တယ် (ဖုန်တက်လို့)၊ မိုးရာသီဆို ကားကိုလူတွေက ကြိုးနဲ့ဆွဲတင်ရတယ်(ရွှံ့နွံနစ်လို့)။ ဘ၀တစ်သက်တာမှာ နေရာစုံသွားခဲ့ဖူးတယ်။ အဆိုးဆုံးကတော့ ရခိုင်ပြည်က ကားလမ်းပဲ။

ရွာဘက်ကို သွားတဲ့လမ်းတွေဟာ ပိုဆိုးတယ်။ ရွှံ့တွေက ဒူးဆစ်ကျော်လောက် ရှိတယ်(ရေမဟုတ်ဘူးနော် ရွှံ့တွေ)။ ရွာ မူလတန်းကျောင်းမှာ တာဝန်ကျတဲ့ ဆရာမ ပေါက်စလေးတွေက နေ့စဉ် ဒီလောက်ဆိုးဝါးတဲ့လမ်းကို မသွားကြနိုင်ချေဘူး။ တော်တော်များများက ထွက်စာတင်ကြတယ်။ ရွာ မူလတန်းကျောင်းတွေဟာ ပိတ်ထားရတယ်။ ရွာက ကလေးတွေကတော့ ရွှံ့ဒူးဆစ်ကျော်ကို နေ့စဉ် အသွားတစ်ခါ အပြန်တစ်ခါ ဖြတ်ပြီး မြို့ကျောင်းကို တစ်နေ့ ပျမ်းမျှ(၃) နာရီ ခြေကျင်ခရီးနဲ့ တက်ရရှာတယ်။ အနာဂါတ်ရဲ့ သနားစရာ သားကောင်းတွေ ရခိုင်တွေဟာ ကိုယ်နေရတဲ့ဘ၀ကို ကိုယ် ပြန်မုန်းလာတယ်။
ဥပေက္ခာအပြုခံရမှုကို နာကျဉ်းလာကြတယ်။ အုပ်ချုပ်သူလူတန်းစား ကိုလည်း စိတ်နာလာကြတယ်။ ဘ၀ကို ဒီနေရာကထွက်မှ တက်လမ်းရမယ်ဆိုတဲ့ အတွေးတွေ ပေါက်လာတယ်။ မြို့မှာနေရင် ဆိုက်ကားသမား၊ တောမှာနေရင် လယ်သမား၊ ကမ်းမှာနေရင် တံငါသည် (အများစု ကိုပြောတာပါ) ဖြစ်မဲ့အတူတူ လူငယ်တွေဟာ ရှိသမျှရင်းပြီး နိုင်ငံခြားထွက်ကြတယ်၊ ရန်ကုန်ကိုလာကြတယ်၊ မြ၀တီကိုသွားကြတယ်၊ တာချီလိတ်ကို တက်ကြတယ်။ အဓိက အင်အားယိုစီးမှုကြီး။

စီးပွားရေးကလည်းမကောင်း၊ ကျန်းမာရေးအတွက်လည်း မသင့်တော်၊ လုံခြုံမှုလည်း စိတ်မချရ၊ ဘယ်အချိန် လည်လှီးခံရမှန်း မသိရတဲ့နေရာက (ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်) ရခိုင်လူမျိုးတွေဟာ မိသားစုလိုက် မူရင်း နေရာတွေကို စွန့်ခွာလာကြတယ်။ တစတစ လျော့နည်းလာတဲ့အခါ အနိုင်ကျင့်မှုကြီးနဲ့ ကြုံလာရတယ်။ နိုင်ငံတော်အစိုးရကို အားကိုးပေမယ့်လည်း ရာသီဥတုက အချိန်တော်တော်များများ ကိုယ့်ဘက်ကိုမပါ။
ဟိုအရင်က ရခိုင်လူထုဟာ အစိုးရထက်စာရင် အန်အယ်ဒီကို ပိုပြီးတော့ အားကိုးခဲ့ကြပေမယ့် ပဋိပက္ခအတွင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်လူထုရဲ့ ထောက်ခံမှုကို အပြည့်အ၀ရခဲ့တယ်။ ဒါ ရခိုင်လူထုဟာ ခေါင်းဆောင်ရှာနေတယ်(အားကိုးရမဲ့လူရှာ နေတယ်၊ အားကိုးရှာနေတယ်၊ အားငတ် နေတယ်)ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်တယ်။

ပဋိပက္ခ အပြီးမှာတော့ သမ္မတအစိုးရရဲ့ ရပ်တည်ချက်အားနည်းမှုနဲ့ ၀န်ကြီးဦးခင်ရီနဲ့ ခိုးဝင်လာသူမရှိဘူး။ ဘင်္ဂါလီတွေကို နိုင်ငံသားပေးမယ်ဆိုတဲ့ ကောလဟာလတွေ ကြောင့် ရခိုင်လူထုအတွင်းက နာကျဉ်းမှုတွေဟာ အပြင်ကိုလျှံထွက် လာကြတယ်။ တချို့လူငယ်တွေဆို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ကြတဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းထဲကို ရောက်သွားတယ်။

ရန်ကုန်နဲ့ အခြားနေရာကိုရောက်နေတဲ့ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်က သတင်းကို အလောတကြီးနားစွင့်နေကြရရှာတယ်။ မိဘမောင်ဘွားတွေရော လွတ်ရဲ့လား၊ ဆွေးမျိုးတွေများ သေပြီလား၊ အသိတွေများ အသတ်ခံရပြီလား၊ ကွန်မြူနတီတွေ ဖွဲ့ပြီး လှုပ်ရှားလာကြတယ်။ အရင်ကထက်စာရင် ပိုပြီး အဖွဲ့အစည်းဆန်လာတဲ့ သဘောတွေကို တွေ့ရပေမယ့် ရခိုင်ပြည်ကတော့ သူတို့ရဲ့ အင်အားကို ကိုယ်ထိလက်ရောက် လိုချင်ခဲ့မှာပါ။ ပြန်ချင်တိုင်း ပြန်လို့မရ၊ ကူချင်တိုင်း ကူလို့မရတဲ့ အဖြစ်တွေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ လေးစားရပါသော သမ္မတကြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြံပြုလိုပါတယ်။ လူကြီးမင်းတို့မှာ အင်မတန် အလုပ်များကြောင်းသိပေမယ့်၊ ပြည်နယ်တစ်ခုပြိုကွဲမယ့်၊ တိုင်းရင်းသားလူမျိုးတစ်ခုလုံး နေစရာ ပျောက်မယ့်၊ နိုင်ငံတော်ရဲ့ ရှက်ဖွယ်လိလိကိစ္စတွေ ဖြစ်မလာစေချင်ဘူးဆိုရင် ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်ကိစ္စကို အပေါ်ယံမဟုတ်ပဲ၊ ငါးပွက်ရာငါးစာချ ခဏတာ သာမဟုတ်ပဲ၊ စီမံကိန်းတွေနဲ့ အသေအချာ ကြပ်ကြပ် မတ်မတ် ပြုပြင်အစီအစဉ်ချနိုင်မှသာ (အခု ချက်ချင်း အကောင်အထည်ဖော်နိုင်မှသာ) ပြည်နယ်ပြိုကွဲမယ့်အဖြစ်မှ အချိန်မီနိုင်သေးပါကြောင်း။

မာဃသစ္စာ