Monday, November 26, 2012

တယုတ်ရန်မှ လွတ်မြောက်ဖို့အရေး

မြန်မာဝန်ကြီးတစ်ယောက်၊ ဝန်ကြီးမှ ပြည်ထောင်စုအဆင့်၊ ပြည်ထောင်စုအဆင့်မှ သမ္မတရဲ့ အနီးကပ် သမ္မတရုံးဝန်ကြီး... တပ်ကဆိုရင်လည်း ဗိုလ်ချုပ်အဆင့်နဲ့ အနားယူခဲ့သူ... တရုတ်ကို ကြောက်ရတယ်လို့ ပထမဆုံး တရားဝင် ထုတ်ဖော်ဝန်ခံပြီ... ဒီအစိုးရကို ချစ်တာ မချစ်တာ အပထားတော့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေကို အမှန်အတိုင်း မြင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားရတော့မယ်... ကျွန်တော်တို့တွေဟာ တကယ်ပဲ အရာရာမှာ တရုတ်ကို ကြောက်နေ
ရပြီလား... ကျွန်တော်တို့ ဘာလုပ်ကြမလဲ...

အင်္ဂလိပ်တွေ ဝင်လာတုန်းက လက်နက်အင်အားမမျှလို့ (အမှန်တော့ ပညာလည်းမတတ်လို့) ကျွန်တော်တို့ သူ့ကျွန်ဖြစ်ခဲ့ရတယ်။

ဂျပန်တွေဝင်လာတော့ ရွေးစရာလမ်းမရှိလို့ သူ့ကျွန် ထပ်ဖြစ်ပြန်တယ်။

အဲဒီ သင်ခန်းစာတွေအောက်မှာ လွတ်လပ်ရေးရအောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ ပြည်သူ၊ တပ်မတော်၊ နိုင်ငံရေးပါတီ အားလုံး ပူးပေါင်းပြီး လွတ်လပ်ရေးကို တိုက်ယူခဲ့ကြတယ်။ တောင်းယူခဲ့ကြတယ်။ ရအောင်ကို ယူနိုင်ခဲ့ကြတယ်။

သူများကျူးကျော်တိုင်း ခံမှာမဟုတ်တာကို ကူမင်တန်(တရုတ်ဖြူ) ကျူးကျော်မှုမှာ ကျွန်တော်တို့ ပြနိုင်ခဲ့တယ်။

အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေးကာလထဲမှာ ဘယ်သူ့ သြဇာခံမှ မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။

အခု... အစိုးရက ဝန်ခံနေပြီ။ တရုတ်ကို သူတို့ ကြောက်ရသတဲ့။ တရုတ်ရဲ့ ရန်ကို နှစ်ခုပြောတယ်။ ကျွန်တော် တစ်ခါပြောဖူးတဲ့ နှစ်ခုပါပဲ။
၁။ ဗကပ ဥပမာနဲ့ပြောတယ်။ (အခုလည်း တိုင်းပြည်ဝင်ငွေထိခိုက်အောင် တိုင်းပြည်တည်ငြိမ်မှု ထိခိုက်အောင် အရင်က ဗကပကို ထောက်ပံ့ခဲ့သလို အခု KIA ကို ထောက်ပံ့ပြီး စစ်ဖြစ်စေတယ်။ ကျောက်စိမ်းတွင်းတွေ ပိတ်စေတယ်။ ကျောက်စိမ်းခွန်ကိုလည်း ၃၀% တိုးမြှင့်ပြီး မူဆယ်တစ်ဖက်ကမ်းကနေ ကောက်စေတယ်။)
၂။ ၈၈ တုန်းက စားစရာမရှိလို့ တရုတ်ဆီက သွင်းခဲ့ရတာပြောတယ်။ (အခုလည်း ဗမာဆင်းရဲသားအများသုံးနေတဲ့ တရုတ်ပစ္စည်းတွေ သွင်းနေရတဲ့ မူဆယ်လမ်းကို ခြိမ်းခြောက်ပြနေတယ်။ လမ်းကနေ KIA က မသိမသာ စောင့်ပစ်ပြတယ်။ မူဆယ်မြို့လယ်ခေါင်ကို ဗုံးငါးလုံး တပြိုင်တည်း ခွဲပြတယ်။)

ဦးအောင်မင်းကို ထောက်ခံစရာမလိုဘူး။ ဒါပေမယ့် သူပြောတာကို ကျွန်တော်တို့တွေ မြင်အောင် ကြည့်ရတော့မယ်။

မြစ်ဆုံကို ကျွန်တော်တို့ ရပ်ခဲ့ပြီ။ လက်ပံတန်းတောင်ကို ထပ်ရပ်မယ်။ ပြီးရင် ကျောက်ဖြူစီမံကိန်းကို ကျွန်တော်တို့ ဆက်ရပ်မလား။

လုပ်ရင်လည်း အားလုံးကို တွက်ချက်ပြီး ပေးလျော်မယ် ရပ်မယ်လို့ ပြောနိုင်ရမယ်။ ရပ်မယ် မလျော်ဘူး လုပ်လို့မရဘူး။ အဲလို ပေးလျော်မှုကို ကျွန်တော်တို့ ဘယ်ငွေနဲ့ ပေးမလဲ။ အခု နိုင်ငံတကာက ပေးနေတဲ့ အလှူငွေတွေကို သုံးလို့မရဘူး။ ဘယ်က ဝင်ငွေနဲ့ ကျွန်တော်တို့ ပေးလျော်မလဲ။ သေသေချာချာ တွက်ချက် ကြေငြာပြီး ပြည်သူအများ သဘောတူ ပေးလျော်ရမယ်။

ဒီလိုပဲ ပေးလျော်မှုထက်ပိုလာမယ့် တရုတ်ရဲ့ တခြားတုံ့ပြန်မှုတွေကိုလည်း ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ။ KIA ကို ဘာလုပ်မလဲ။ ဆေးဝါးနဲ့ အစားအသောက် အပါအဝင် တရုတ်ပစ္စည်းအစားထိုး ဘာသုံးမလဲ။

ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ရှိကြမယ်ဆိုရင် အဲလို သေသေချာချာလေး ဆွေးနွေးပြင်ဆင်ပြီး ရပ်သင့်တာတွေ ရပ်။ ဆက်ထားသင့်တယ်ထင်ရင် ဆက်ထား လုပ်ဖို့ ကောင်းပါတယ်။

အားမတန်လို့ မာန်လျှော့ရတယ်ဆိုတာ ခံရသိပ်ခက်တဲ့ အမျိုးဖြစ်ပါတယ်။ ခါချဉ်ကောင်ဟာ မာန်ကြီးမိတာကလည်း အများကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။ ခံစားချက်တွေကိုပဲ ဦးစားပေးနေလို့မရတော့တဲ့ အချိန်မှာ လက်တွေ့ကျကျလေး ဘယ်လိုလုပ်ချင်တယ် အဲဒါဆို ဘာဖြစ်လာမယ် အဲလိုဆို ဒီလိုလုပ်ကြတာပေါ့ဆိုတာလေးကို ပြင်ဆင်ကြစေချင်တာပါပဲ။

(COPIED)

'ခံစားချက်တွေကိုပဲ ဦးစားပေးနေလို့မရတော့တဲ့ အချိန်မှာ လက်တွေ့ကျကျလေး ဘယ်လိုလုပ်ချင်တယ် အဲဒါဆို ဘာဖြစ်လာမယ် အဲလိုဆို ဒီလိုလုပ်ကြတာပေါ့ဆိုတာလေးကို ပြင်ဆင်ကြစေချင်တာပါပဲ။' ဆိုတဲ့စကားကို နှစ်သက်မိလို့ share ပါတယ် ... ခံစားချက်တွေဘဲ ပြောနေတယ် လက်တွေ့ တာဝန်ယူဖို့ ဘာပြင်ဆင်ထားသလဲလို့ မေးခွန်းထုတ်ထားတယ်လို့ ခံစားရပါတယ် ...

အေးချမ်းမွန်မှ Tin Latt တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။