Saturday, August 25, 2012

ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနားခံခြင်း


Wai Yan De Mo


အကြောင်းအရာ ။ ။ပြည်ပရောက် မြန်မာနိုင်ငံ အကျဉ်းသား/သူများအား ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနားခံခြင်း။

အထက်ပါ အကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မောင်ထွန်းဟိန်းမှ လူကြီးမင်းဆီသို့ စာရေးသားပြီး အကူအညီတောင်း၊ အသနားခံလိုက်ရပါသည်။ ကျွန်တော်သည် သင်းပေါင်းခြံကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် နေထိုင်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဗုဒ္ဓဘ
ာသာဝင် တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်သည် မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ်ကျခံနေရပြီး နွန်ထဘူရီမြို့၏ ဘန်းကွင် ထောင်ထဲတွင် နေထိုင်လာခဲ့သည်မှာ (၁၁)နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်နှင့်ထပ်တူ ဤထောင်ထဲတွင် မြန်မာနိုင်ငံ အကျဉ်းသား (၃ဝဝ)ခန့်ရှိပြီး ထိုင်းတစ်နိုင်ငံလုံးဆိုပါက ပြစ်ဒဏ်(၁)နှစ်မှ သေဒဏ်ထိဆိုလျှင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံ အကျဉ်းသား/သူ တစ်သောင်းဝန်းကျင်ရှိပါသည်။

တိုင်းတစ်ပါးတွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်ကျ ဒုက္ခရောက်နေကျသော ကျွန်တော်/ကျွန်မတို့၏ အနာဂတ် ဘဝကံကြမ္မာကို ကျွန်တော်/ကျွန်မတို့၏ မိဘဟုယူဆရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရကသာ ဥပဒေနည်းလမ်းအရ စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟုလည်း ယုံကြည်စွာဖြင့် အားကိုးမိပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈ဝ၌ ဖေါ်ပြထားရာတွင် (နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်)ဟု နိုင်ငံသားများ၏ မူလအခွင့်အရေး များကို စေတနာ မေတ္တာကြီးစွာဖြင့် ဖွင့်ဆိုထားပါ၍ အလွန်တရာမှ အားရကျေနပ်မှု ဖြစ်ရပါသည်။

ကျွန်တော်တို့ လေ့လာသိရှိရသလောက်မှာ မြန်မာနိုင်ငံ ထောင်အသီးသီး၌ တရားမဝင်ငါးခိုးဖမ်းမှု၊ သစ်ခိုးထုတ်မှုဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံအကျဉ်းသားများကို အမှုစီရင်ချက်ချပြီး ပြီးစီးသွားပါက ထိုင်းအစိုးရအဆက်ဆက်က ထိုင်းဘုရင်မွေးနေ့၊ ဘုရင်မမွေးနေ့တို့တွင် အထိမ်းအမှတ်အဖြစ် တောင်းဆိုခဲ့သမျှတို့ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ အစိုးရ၊ နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ လက်ထက်တွင် အိမ်နီးချင်း မိတ်ဆွေကောင်း ပီသစွာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ ခိုင်မြဲရေးကို အဓိကထား၍ အကျဉ်းသားလဲလှယ်ရေး စာချုပ်အား ချုပ်ဆိုထားမှု မရှိသော်လည်း အမျှော်အမြင်ကြီစွာ အမြဲတမ်း ပြန်လည်လွဲအပ် ပေးခဲ့ဖူးပါသည်။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ထိုင်းနိုင်ငံ ထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား/သူများအား ၎င်းအစိုးရလက်ထက်တွင် ပြည်တော် ပြန်လာနိုင်ရေးအတွက် တစ်ကြိမ်တစ်ခါမှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။

ထိုင်းနိုင်ငံနှင့်အကျဉ်းသား လဲလှယ်ရေးစာချုပ်ချုပ် ဆိုထားသော ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ကနေဒါ၊ သြစတီးရီးယားနှင့် အာရှနိုင်ငံအခိျု့သည် ထိုင်းနိုင်ငံထောင်အတွင်းမှ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ဒဏ်ကျ အကျဉ်းသားများကို အမှုပြီးစီးသွားပါက (၈)နှစ်ပြည့်လျှင် သက်ဆိုင်ရာနိုင်ငံမှ နှစ်စဉ်ခေါ်ယူပြီး၊ တစ်ခြားပြစ်ဒဏ်ကျ နှစ်ကြီးသမားများ (ဥပမာ နှစ်၅ဝ၊ နှစ် ၁ဝဝ စသဖြင့်)ကို တရားရုံးအမှုပြီးစီး သွားပါက ထောင်တွင်း၌ (၄)နှစ်နေထိုင်ပြီးလျှင် သက်ဆိုင်ရာ နိုင်ငံမှ နှစ်စဉ်ပြန်ခေါ်ယူလေ့ရှိပါသည်။

သို့သော်လည်း ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့သည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြ၍ နှစ်ပြည်တစ်ပြည် အကျဉ်းသားလဲလှယ်ရေး စာချူပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း အိမ်နီးချင်းအစိုးရများ၏ နားလည်မှုအရ အမှုပြီးစီးသော အကျဉ်းသားများကို မကြာခဏ လဲလှယ်နေကြပါသည်။ နှစ်ပြည်တစ်ပြည် စာချုပ် မချုပ်ဆိုထားသော်လည်း ရောက်ရှိလာသော အကျဉ်းသားများသည် သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းပြီးစီးပါက မိသားစုနှင့်အတူတကွ လွတ်လပ်စွာ နေထိုင်နိုင်ပါသည်။ ထိုင်းနိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားသော အခြားနိုင်ငံ များမှာကား ခေါ်ယူလာသော အကျဉ်းသားများ သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိသော်လည်း အကျဉ်းထောင် ထဲတွင်ဆက်လက်နေထိုင်ရကာ ထိုင်းဥပဒေက အမှုပြီးစီးသွားကြောင်း အတည်ပြုမှသက်ဆိုင်ရာ နိုင်ငံထောင်မှ လွတ်မြောက်ရပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၉၆(ဇယား-၁) အခန်း(၂) နိုင်ငံခြားရေးကဏ္ဍ(ဆ)တွင် ဖေါ်ပြထားရာ၌ (ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲအပ်ပေးရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး)ဟု ဖေါ်ပြထားခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် အကျဉ်းကျခံနေကြရသော ကျွန်တော်/ကျွန်မတို့အတွက် နိုင်ငံတော်မှ ဥပဒေအရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများကို ကဏ္ဍအစုံမှ အပြည့်အဝပေးထား၍ ရယူခံစားခွင့်ရှိသည်ဟု ယုံကြည်မိပြီး ကျွန်တော်/ကျွန်မတို့၏ မိဘဟုယူဆသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရက သာလျှင် ဒုက္ခရောက်နေကြသော ပြည်ပမှ အကျဉ်းသား/သူများဘဝကို အမှောင်မှ အလင်းသို့ ရောက်ရှိအောင် ပို့ဆောင်နိုင်စွမ်းရှိသည်ဟု မျှော်လင့်ယုံကြည်မိပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ၂ဝ၁၃ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ အားကစား ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသည်က တစ်ကြောင်း၊ ၂ဝ၁၄ခုနှစ်တွင် အရှေ့တောင် အာရှ နိုင်ငံများ၏ အစည်းအဝေးပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိသည်က တစ်ကြောင်း၊ ၂ဝ၁၅ခုနှစ်တွင် တစ်ခုတည်းသော အရှေ့တောင် အာရှနိုင်ငံများကို ပေါင်းစည်းရန် ရှိသည်ကတစ်ကြောင်းတို့ကြောင့် အထိမ်းအမှတ်အဖြစ် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား/သူများ ပြန်လာနိုင်ရေးအတွက် စာရေးပြီး အသနားခံ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံ ထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော မြန်မာများသည် လူမျိုးရေးကွဲပြားမှုဒုက္ခ၊ ဘာသာစကား ကွဲပြားမှုဒုက္ခ၊ အတိတ်သမိုင်း ဖြစ်ရပ်များကို လက်ကိုင်ထားပြီး ဆက်ဆံခံရမှု၊ စသော ဒုက္ခများအပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟုအကြောင်းပြပြီး မူးယစ်ဆေးဝါး ရောင်းသူရော၊ ဝယ်သူရော၊ မူးယစ်ဆေးဝါးရောင်းသူနှင့် အတူတကွ နေထိုင်မိခြင်း၊ လမ်းဆုံ၍ စကားပြောမိခြင်း၊ အတူတကွ သွားလာမိခြင်း၊ ဆက်သွယ်မိခြင်းစသည့် ဆက်နွယ်မှုများကို အကြောင်းပြုပြီး အပြစ်မဲ့ ထောင်ကျခံ နေရသူများလည်း ရာပေါင်းများစွာရှိကြပါသည်။

ကျွန်တော်/ကျွန်မတို့သည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတိုင်းတစ်ပါးတွင် မိသားစုများဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံထားရ၍လည်း မိဘကိုလုပ်ကျွေးရမည့် တာဝန်များ၊ သားသမီးတာဝန်များ၊ မိသားစု များကိုပြုစု စောင့်ရှောက်ရမည့် တာဝန်များအပြင် ရပ်ရွာရေးနှင့် တစ်ခြားမည့်သည့် ကိစ္စများကိုလည်း ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိ၍ အမှီခိုခံရသူများရော၊ ကျွန်တော်/ကျွန်မတို့ပါ စိတ်ဝေဒနာများကို ရင်ဆိုင်ခံစား နေကြရပါသည်။ ကျွန်တော်တို့၏ မလိမ္မာ၍ တစ်ခါတစ်လေ မှားခဲ့သောအပြစ်များကို ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ယူဆသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရမှ သား/သမီးများ အပေါ်တွင် ခွင့်လွှတ်နိုင်သော မိဘတို့၏ မေတ္တာစိတ်ဖြင့် ခွင့်လွှတ်နားလည်နိုင်ခြင်း ရှိလိမ့်မည်ဟု အကြွင်းမဲ့ မျှော်လင့်ယုံကြည် မိပါသည်။

ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ အစိုးရသည် အမျှော်အမြင်ကြီးမားပြီး ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်မှုရှိသလို ပြည်သူ/ပြည်သာများ အပေါ်၌ လည်း သားသမီးကဲ့သို့ မေတ္တာ၊ ဂရုဏာ သဘောရှိ၍လည်း မလိမ္မာ၍ တစ်ကြိမ်မှားခဲ့သော သားသမီးများ အပေါ်၌ ခွင့်လွှတ်နိုင်ခြင်းရှိသော မိဘများကဲ့သို့ ပြည်တွင်းမှ အကျဉ်းကျခံနေကြရသော ပြစ်မှုမျိုးစုံဖြင့် ထောင်ကျသူများအား ဒီမိုကရေစီအစိုးရလက်ထက်တွင် အကြိမ်ပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်များက သက်သေခံလျှက် ရှိနေပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး တိုင်းပြည်နှင့်တကွ မိသားစုများနှင့်ပါ ဝေးကွာနေရပြီး ဒုက္ခဝေဒနာမျိုးစုံကို ခံစားနေကြရသော ကျွန်တော်/ကျွန်မတို့၏ ပြည်တော်ပြန်လာနိုင်ရေး ကိစ္စကို လွှတ်တော်ထဲတွင်ဖြစ်စေ၊ နိုင်ငံတော် သမ္မတကြီးထံသို့ ဖြစ်စေ ဥပဒေဘောင်အတွင်းမှ တရားဝင်တင်ပြ တောင်းဆိုပေးပါရန် မေတ္တာရပ်ခံ၍ စာရေးသားကာ အသနားခံ တင်ပြလိုက်ရပါသည်

ရိုသေလေးစားစွာဖြင့်
မောင်ထွန်းဟိန်း
ထောင်ဝင်အမှတ် (၃၉၃/၄၅)
.