Saturday, June 23, 2012

မဟုတ်တာဆို အကုန်လုပ်တဲ့ မဟုတ်တယုတ်နှင့် ဝိသမလောဘသား ပြည်တွင်း သူယုတ်များ သတိထား


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဆီလုံးဝမဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိ၊ ဆီမဟုတ်သည့်အရာများ မှောင်ခိုတင်သွင်းရောင်းချသူများကို အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သို့ အသိပေးထား


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟုဆိုသော ဆီများမှာ စားသုံးဆီ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ဆီမဟုတ်သည့်အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက်အတွင်း ဆီမဟုတ်သည့်အရာများအား စစ်ဆေးအရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထားကြောင်း သိရသည်။

ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ မြင့်တက်နေသည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င်တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင်တူသော်လည်း ဆီမဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါဆီများကို တရားမ၀င် တင်သွင်းဖြန့်ဖြူးသူဟု ယူဆရသူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ဖော်ထုတ်ထားပြီး စစ်ဆေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

"ဆွေးနွေးပွဲက မှောင်ခိုတင်သွင်းတဲ့ ကိစ္စလျော့ကျဖို့ အတွက်ပါ။ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ဌာန တာဝန်ရှိသူတွေက ထိုင်း၊ တရုတ် စသဖြင့် နယ်စပ်တွေကနေ တရားမ၀င်ကုန်သွယ်တဲ့ ကိစ္စတွေကို စုံစမ်းတယ်လို့ သိရတယ်။ မြ၀တီ၊ မြိတ်နဲ့ ကော့သောင်း၊ မူဆယ် အဖွဲ့သုံးဖွဲ့ခွဲဆင်းကြတယ်။ ဆင်းတဲ့အခါမှာ No Profile နဲ့ ညွှန်ကြားရေးမှူးတွေကအစ သာမန် အရပ်သားအနေနဲ့ ဆင်းတယ်။ တရားမ၀င် ကုန်သွယ်မှုတွေကို ဓာတ်ပုံမှတ်တမ်းပါ ယူထားတယ်။ အခု အဲ ဒီမှတ်တမ်းတွေနဲ့ စုံစမ်းထောက်လှမ်းထားတဲ့ သက်သေတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက အစိုး ရအဖွဲ့တွေကို ခေါ်ယူပြီး ချပြလိုက်တယ်။ ဒါကို ထိမ်းသိန်းဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အနေနဲ့ ပိုပြီးလုပ်ကိုင်ရဖို့ရှိတယ် ဆိုပြီး ဆွေးနွေးကြတာပါ။ အဲဒီပွဲမှာ တရုတ်နယ်စပ်က တရားမ၀င်သွင်းလာတဲ့ စားသုံးဆီဆိုတဲ့ဟာတွေကို ဓာတ်ခွဲစမ်းသပ်လိုက်တာ ဆီနဲ့သာတူတာ ဆီမဟုတ်ကြောင်း တွေ့ရတယ်ဆိုတာကိုပါ ထုတ်ဖော်ပြော ကြားတော့ လန့်တောင်လန့်သွားကြတယ်။ ဈေးကွက်ထဲမှာတွေ့လို့ FDA ကို ပို့ပြီးစစ်တာ လို့ပြောတယ်။ အဲဒီကိစ္စကို တရားမ၀င်တင်သွင်းတယ်လို့ ယူဆရတဲ့သူ၊ သူနဲ့ ပတ်သက်ဆက်စပ်နိုင်တဲ့ သူတွေရဲ့ နာမည်အချို့နဲ့ လမ်းကြောင်းအချို့ကိုပါ ထုတ်ပြောသွားတယ်။ အတိအကျ မဟုတ်ပေမယ့် အဲဒီလမ်းကြောင်း အတိုင်းဆို ဘယ်သူဖြစ်နိုင်တယ်။ ဘယ်ဈေးကွက်ထဲရောက်နိုင်တယ် ဆိုတာကို အနီးစပ်ဆုံးခန့်မှန်း ပြောကြားတဲ့သဘောပါ။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီး မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း စစ်ဆေးလို့ရအောင် အသိပေး ဆွေးနွေးတာတွေ့ရတယ်။ ဒီဆီတွေကို စစ်ဆေးတွေ့ရှိဖို့ကတော့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥပမာ-ဈေးကွက်ထဲက စားသုံးဆီက တစ်ပိဿာ ၂၀၀၀ ကျပ်ဆိုရင် အဲဒီဆီအတုက တစ်ပိဿာကို ၃၀၀၊ ၄၀၀ လောက်ပဲရှိတယ်။ ဒီတော့ သူ့ချည်းပဲ သွင်းတဲ့သူက မရောင်းဘူး။ ဈေးကွက်ထဲက စား သုံးဆီတွေနဲ့ ရောရောင်းတာမျိုး ဖြစ်နိုင်တော့ တော်တော်ဆိုးပါတယ်"ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

စားအုန်းဆီ ပြည်ပမှ ၅ နှစ်အတွင်း တရားဝင် တင်သွင်းမှုပမာဏ(အမေရိကန်ဒေါ်လာ၊သန်း)

ဘဏ္ဍာနှစ် စားအုန်းဆီ
၂၀၀၆-၂၀၀၇ ၇၄ .၄၁၀
၂၀၀၇-၂၀၀၈ ၂၀၂ .၄၄၀
၂၀၀၈-၂၀၀၉ ၂၉၁ .၇၅၀
၂၀၀၉-၂၀၁၀ ၁၇၈ .၂၉၀
၂၀၁၀-၂၀၁၁ ၁၉၈ .၇၆၂


သတင်း။ ။EMG

Comment များ

+30 #5 အောင်ဘု 2012-06-23 13:31
သိကြားရသမျှ သတင်းအချက်အလက်တွေကို တိုင်းပြည်နဲ့လူမျိုး အကျိုးရှေ့ရူပြီး commentတွေ အခါအားလျှော်စွာ ဝင်ရေးပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး ခဏခဏရေးပါတယ်
ခေတ်မှီလက်နက် လူအင်အားတွေတိုးချဲ့တပ်ဆင်နေမှသာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်နေတယ်လို့ ထင်နေကြတုန်းပဲ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ် အန္တရာယ်အလွန်ကြီးပါတယ်
နိုင်ငံတကာမှာ ကိုယ့်တိုင်းပြည်ထဲ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို စံချိန်စံညွန်းရှိမရှိ သေချာစီစစ် ကန့်သတ်တားမြစ်ကြပါတယ်
ပြည်သူလူထုကို အလေးထားတဲ့အစိုးရတိုင်းဟာ တိုင်းပြည်နဲ့လူထု ဘေးဒုက္ခဖြစ်စေမယ့် ကိစ္စမှန်သမျှကို အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်ကြပါတယ်
တာဝန်ရှိသူတွေ သတင်းထဲမှာ ရေးသားဖေါ်ပြကြပါတယ် ဈေးကွက်အတွင်း ကျန်းမာရေးနှင့်မညီညွတ်သော စားသုံးရန်မသင့်သော စားသောက်ကုန်များကို ရှောင်ကြဉ်ဝယ်ယူကြရန် (ကိုယ်ပိုင် ဓါတ်ခွဲခန်းလုပ်ပြီး စစ်ဆေးရမလို)
တာဝန်ရှိသူများ ရှောင်တခင်စစ်ဆေး သိမ်းဆည်း၍ ဖျက်ဆီးခြင်း(ကိုင်းဖျားကိုင်းနား လိုက်ခုတ်ပြီး ဖြေရှင်းနေကြတာ နှစ်ပေါင်းမနဲတော့ပါဘူး)
တမျိုးသားလုံး ကျန်းမာရေးကိစ္စကို ကျန်းမာရေးဝန်ကြီးဋ္ဌာနတစ်ခုတည်းက လုပ်ဆောင်လို့မရပါဘူး
ပေါ့သေးသေးကိစ္စမဟုတ်ပါဘူး တမျိုးသားလုံးရဲ့ကျန်းမာရေးကို ဖျက်ဆီးနေကြတာ ကိုယ်ကျိုးစီးပွါးအမြတ် တစ်ခုတည်းကြည့်ပြီး လုပ်နေကြတာ လူညွန့်တုန်းအောင် စနစ်တကျ လူသတ်မှု့ကျူးလွန်နေကြတာပါ အလွန်ပြင်းထန်စွာ ပြစ်ဒါဏ်များချမှတ် အရေးယူသင့်ပါတယ်
ဒါကြောင့် တယုတ် ဆိုပြီး သတ်ပုံမှန်ပြင်ရေးတာပါ



+52 #3 aikesai 2012-06-23 12:49
မြန်မာ နဲ့ တရုတ် ကုန်သွယ်မှုမှာ အမြဲတမ်းရှုံးရတာက မြန်မာဖက်ကပါပဲ။ တရုတ်က မြန်မာပြည်ကနေ သစ်တော နဲ့ တွင်းထွက်၊ ရေထွက်ပစ္စည်း တွေကို နည်းပေါင်းစုံနဲ့ ရယူတယ်။တွင်းထွက်ဆိုရင် မြွေ တောင်မချန်ဘူး အကုန်ဝယ်တယ်။ ပြောင်း၊ ဖရဲ၊ သရက် စတဲ့အသီးအနှံတွေကိုလည်း ဈေးလိုသလို ကစားပြီးမှဝယ်တယ်။ နယ်စပ်ဂိတ်တွေမှာ အသီးအနှံတွေ အရောင်းအဝယ်မဖြစ်လို့ အသီးတွေ ကားကြီးအစင်းလိုက် ပုပ်ကုန်တာ ခဏ ခဏပဲ။ ပြီးတော့ တရုတ်ကနေ ပြန်သွင်းလာတာက မျိုးဆက်ပြုတ်နိုင်မယ့် ၊ ဥာဏ်ရည်ပျက်ယွင်းနိုင်မယ့် စားစရာတွေ၊ အရည်အသွေးမမီတဲ့ ဆေးဝါး နဲ့ စက်ပစ္စည်းတွေပဲ။ နှစ်စဉ် နှစ်နိုင်ငံကုန်သွယ်မှုကိုကြည့်ရင် မြန်မာကရတဲ့ အင်ပို့ငွေ က တရုတ်ပစ္စည်းတွေကိုကို ပြန်သွင်းလို့ ပေးရတဲ့ အိပ်စပို့ငွေထက်နည်းနေတယ်။ အမြဲတမ်း ကုန်သွယ်မှု လိုငွေပြတယ်။ နိုင်ငံတော်ကနေ တရုတ်ကိုရောင်းချတဲ့ ဓါတ်ငွေ့တွေ ရတနာတွေကနေ ရတဲ့ငွေတွေကလည်း တရုတ်က လက်နက်အစုတ်တွေ ရောင်းပြီးပြန်ယူတယ်။ ပြီးတော့ နယ်စပ်မှာရှိတဲ့ ကချင်၊ ဝ၊ ကိုးကန့်တပ်တွေကို လက်နက်တပ်ပေးပြီး အစိုးရနဲ့ တိုက်ခိုင်းတယ်။ ဒီတော့ကြည့်လိုက်ရင် တရုတ်က မြန်မာအပြည်ပေါ်မှာ ကောင်းကောင်းအမြတ်ထုတ်ပြီး သူ့နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် နည်းပေါင်းစုံနဲ့ ယုတ်မာနေတာကို တွေ့ရတယ်။ တရုတ်ပြည်နဲ့ ပါတ်သက်ရင် အားလုံး သတိရှိသင့်ပါတယ်။ ပြီးတော့ တရုတ်ကတင်သွင်းတဲ့ အစားအသောက် နဲ့ ဆေးဝါး တွေကြောင့် လူမျိုးတုန်းသွားနိုင်တာမို့ လို့ တာဝန်ရှိသူတွေအနေနဲ့ တရုတ်ပြည်က တင်သွင်းတဲ့ ပစ္စည်းတွေကို ဒီထက်ကြပ်မတ်ပြီး စစ်ဆေးပေးစေချင်ပါတယ်။ ကန့်သတ်စေချင်ပါတယ်။