Tuesday, June 26, 2012

ဂွမြို့အနီးရှိ ကျွန်းတစ်ခုတွင် သောင်တင်ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အား သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်ကာ ယာယီထိန်းသိမ်းထား

ရန်ကုန်၊ဇွန်-၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့အနီးရှိ ကျွန်းတစ်ခုတွင် သောင်တင်ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အား သံတွဲအကျဉ်းထောင်သို့ ယမန်နေ့က ပို့ဆောင်ကာ ယာယီထိန်းသိမ်းထားကြောင်း သံတွဲခရိုင်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကပြောသည်။

ယခုလ တတိယပတ်အတွင်းက သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း (ဘင်္ဂလားပင်လယ်အော်အတွင်း) ရှိ
ကျွန်းတစ်ခုတွင် စက်ပျက်၍ ဆိုက်ကပ်လာသော စက်လှေပေါ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၈
ဦးပါဝင်ကြောင်းသိရသည်။ ယင်းတို့အနက်တစ်ဦးသာ မြန်မာစကားနားလည်တတ်ကျွမ်းကြောင်း
သံတွဲခရိုင်အကျဉ်းဦးစီးဌာနမှ အဆင့်မြင့်အရာရှိက ပြောသည်။

“ကျွန်တော်တို့ဆီ လာအပ်လို့ ယာယီထိန်းသိမ်းပေးထားပါတယ်။ ဘင်္ဂါလီစကားတတ်တဲ့ကျွန်တော်တို့ဝန်ထမ်းရယ် သူတို့အုပ်စုက မြန်မာစကားတတ်တဲ့ တစ်ယောက်ရယ်က ဘာသာပြန်ပေး လို့သူတို့တွေ မလေးရှားနိုင်ငံကို ထွက်ဖို့ကြိုးစားတာလို့ သိရတယ်” ဟုယင်းက 7Day News သို့ပြောသည်။

၎င်းတို့အား တင်ဆောင်လာ သည့် စက်လှေသည် ကော့သောင်းမြို့မှ ကယ်ရီစက်လှေဟု သိရကြောင်း
အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။

“လူ ၁၀၀ ကျော်ပါတယ်လို့ သိထားပြီး အခု ၈၈ ယောက်တည်းဆိုတော့ ကျန်တဲ့ လူတွေက
သေကုန်တာလားလို့ လာလာမေးကြတယ်။ မသေပါဘူး။ အပျက်အစီး အသေအပျောက် မရှိဘဲကျန်းကျန်းမာမာတွေပါ။ အားလုံးကအမျိုးသားတွေချည်းပါပဲ” ဟု ၎င်းကပြောကြားသည်။

အဆိုပါ နိုင်ငံသားများနှင့်ပတ်သက်၍ တစ် ဖက်နိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သံတွဲခရိုင်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

“ပြည်နယ်အစိုးရက တစ်ဖက်သံရုံးနဲ့ ညှိနှိုင်းဖြေရှင်းပေးနေပါတယ်။ သူတို့ဘက်က လက်ခံရင်ပြန်ပို့မယ်။သူတို့ကို လ.၀.က ဥပဒေအရ နိုင်ငံတွင်းတရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူသွားဖို့ရှိပါတယ်။

အချက်အလက်တွေကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ရခိုင်မှာဖြစ်လေ့ဖြစ်ထရှိပါတယ်”ဟု သံတွဲခရိုင် လ.၀.ကမှူး ဦးကံကောင်းက 7 Day News သို့ပြောသည်။

ယင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား များအား ဂွမြို့မှ သံတွဲမြို့သို့ ပြေးဆွဲနေသည့် လိုင်းကားလေးစီးဖြင့်တင်ဆောင်လာပြီး သံတွဲအကျဉ်းထောင်အတွင်းသို့ တိုက်ရိုက်ပို့ ဆောင်ခြင်းဖြစ်ကြောင်း သံတွဲမြို့ အမှတ်(၄)
ရပ်ကွက်မှ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် ဒေသခံတစ်ဦးကပြောသည်။

7day News Journal