Monday, February 06, 2012

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး အလုပ်သမားတို့၏ဘ၀အကြောင်း ပေးစာ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က စပြီး တစ်စတစ်စ ဆိုသလို ၀မ်းစာအတွက် လုပ်စားကိုင်စားရာမှာ ဆင်းရဲ ကပ်တည်း လာကြရပါတယ်။ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာ ဘာအလုပ်မှမလုပ်နိုင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့  ပြည်ပ နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြရပါတယ်။
          
 ဒီလိုပြောတော့ ပြည်ပနိုင်ငံ ဆိုလို့အထင်မကြီးလိုက်ပါနဲ့ ကျွန်တော်တင်ပြမယ် နိုင်ငံက ထိုင်းနိုင်ငံပါခင်ဗျာ...  ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် တို့ အမေရိက တို့ ဘယ်သွားနိုင်ကြမလည်း အဲဒီတော့ နယ်စပ်ကို ဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ  တာချီလိတ်၊မဲဆောက် ၊ဘုရားသုံးဆူ  ဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ်လုပ်ကြရပါသည့်။ဒီလိုတရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှူ့ဥပဒေအရ ခပ်ကြမ်းကြမ်းလေး ဖမ်းပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာ (ရွှေ) တွေက မခေပါဘူး။ အခက်အခတွေဲကို ကျော်ဖြတ်ပြီး ဘန်ကောက်မှာဆိုရင် ရွှေတွေ သိန်းချီနေပါပြီ။ဒီလိုနဲ့ နယ်စပ်ဖြစ်တဲ့ မဲ့ဆောက် ဆိုရင်လည်း တစ်မြို့လုံးလူဦးရေရဲ့ ၃ချိုး၂ ချိုးက ရွှေမြန်မာတွေဘဲလို့ဆိုရရင် မှန်ပါလိမ့်မယ်။ ဒါဆိုတော်တော် ကောင်းလား လားလို့မေးရင်တော့ အားလုံးဟာ အလုပ်သမားပါဘဲ။ 
ထိုင်းသူဌေးကို သူဌေး သူဌေး ဆိုပြီး ကြောက်နေ ကြရတဲ့ သူတွေပါဘဲ။ ဒီအထဲက  ကိုယ့်လူမျိုးကောင်းစားရေးအတွက်နိုင်ငံခြားအထောက်အပံ့ခံ လူတန်းစားကတော့ လူနည်းစုအနေနဲ့ ပဲရှိနေပါတယ်။ 
         
ကျွန်တော်တို့ အလုပ်သမားဆိုတာက တစ်ကယ်တမ်းပြောရရင် ယဉ်ကျေးစွာပြောတာပါ တစ်ကယ်တော့ အလုပ်သမားအခွင့်အရေးဆိုတာ ဘာမှမသိရတဲ့ကျွန်လိုပြောမှ မှန်တာပါ။ကျွန်တော်တို့ အလုပ်လုပ်နေရင်းက ထိုင်းမှာနေလို့ ရအောင်ဆိုပြီးတော့ ၁ နှစ်နေထိုင်အလုပ်လုပ်ခွင့်အတွက်
ဆေးစစ်ခ ဘတ် (၁၉၀၀) နဲ့ အလုပ်သမားလုပ်ခွင့် ဘတ် (၁၀၀၀) အကုန်အကျခံပြီး လုပ်လိုက်ရပါတယ်။   

တစ်ရက်မှ (၁၃၀)ဘတ် ရတဲ့ ကျွန်တော်တို့ ငွေကို( ၂၀)ဘတ် အတိုးနဲ့ချီးပြီး လုပ်ရတာပါ။ ဒီတော့ ဒီအကြွေးက နေ့စဉ် ရရ၊ မရရ ဆက်နေရပြီး လပေါင်းများစွာ မကြေနိုင်ပါဘူး။ ဘတ်လေး၁၃၀ နဲ့ စားရေးသောက်ရေးက ခက်ပါတယ် ။ဒီကြားထဲမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ ဘ၀မို့ လကုန်ရင် အိမ်လစာကလည်း အသည်းအသန်ရှာရပါသေးတယ်။ ဒီလိုနဲ့အကြွေးသံသရာက လွတ်တယ်ဆိုတာ ရှိကိုမရှိဘူး။ အခု ကျွန်တော်တို့ အောက်ခြေက လူတွေမှာ ပြဿနာ တစ်ခုက ပူပန်မူကြီးဖြစ်နေရပါပြီ ဘာလည်းဆိုတော့ ပါတ်စပို့ ဆိုတာပါဘဲ ။
          
 ကျွန်တော်တို့ အခုကိုင်ထားတဲ့ လက်မှတ်တွေကို သက်တမ်းမတိုးပေးတော့ဘူးလို့ ကြေငြာလိုက်ပါပြီ။ သက်တမ်းတိုးချင်တယ်ဆိုရင်တော့ ပါတ်စပို့လုပ်ရပါ့မယ်တဲ့ ၊ပါတ်စပို့မရှိရင် ဆက်ပြီးနေထိုင်ဖို့ ရိုင်းရိုင်းပြောရရင် (ဆက်ကျွန်ခံဖို့  --ကျွန်တော်ရိုင်းပြတယ်ဆိုရင် တောင်းပန်ပါတယ်--) မဖြစ်နိုင်တော့ပါဘူး။ပါတ်စပို့လုပ်ဖို့က ဘတ် (၅၀၀၀) ကုန်ကျမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့က ဘတ်သက်တမ်းဆက်လာတာ၃ နှစ်ရှိပြီမို့ဒီဈေးနဲ့ရတာလို့ပြောပါတယ်၊ ကျေးဇူတင်ပါတယ် အေးဂျင့်ရယ်။        

ပါတ်စပို့သက်တမ်းက၂ နှစ်ရတယ်၆ နှစ်ရတယ် ပြောကြတာပေါ့မသိပါဘူး။သေချာလေ့လာကြည့်လိုက်
တော့ စာအုပ်မှာပါတဲ့သက်တမ်းနဲ့ နေထိုင်ခွင့်သက်တမ်းကလည်း   သေသေချာချာကွဲအောင် ပြောကြဖို့လိုသေးတယ်ဗျာ့။ကျွန်တော်က စာအုပ်ရပြီပေါ့ဗျာ ထားပါတော့ ရရင်နေလို့ရပြီလား ဆိုတော့ မရသေးဘူးတဲ့  လူဟောင်းတွေဘတ်သက်တမ်းတိုးတဲ့ နေထိုင်ခွင့်သက်တမ်းကို ၂ လပိုင်း ၂၈ ရက်အတွင်းကို ဘတ်သက်တမ်းတိုးရမယ်တဲ့ 

ဒုက္ခပါဘဲ ဆေးစစ်ရမယ် စုစုပေါင်း ၂၉၀၀ ကုန်အုံးမယ်ပေါ့။  ဒါကတရားဝင်ဈေးနော် သူဌေးခဆိုတာပါ ထည့်ရင် ဒီလောက်နဲ့ မရဘူး။ ဒါဆိုစုစုပေါင်း အောက်ထစ် (၈၀၀၀) ဘတ် ကုန်ပြီပေါ့။ကျွန်တော်တို့ တစ်ရက် (၁၃၀)ရတဲ့ သူတွေ ဘယ်လိုလုပ်မလည်း ။ဒီတော့ သူဌေးက ငွေစိုက်ပေးတယ် ပြီးတော့ လစာထဲက ဖြေးဖြေးချင်း ဖြတ်မယ်ဆိုတော့  သူဌေးရှိတဲ့အလုပ်သမားလူတန်းစား တစ်ချို့တော့  ၀မ်းသာကြရတယ်။ဒါပေမယ့် အဲဒီ သူဌေး လို့ဆိုတဲ့ သူဆီမှာတော့ ၂ နှစ်လောက် အလုပ်အကြွေးပြုရမယ် ဆိုတာကို ခေါင်းထဲမထဲ့ချင်တော့ပါဘူး ။သူ့စိတ်မကြည်လို့ ဆဲဆဲဆိုဆို ရိုက်ရင်လည်း ခံလိုက်ရုံဘဲလေ ငွေတောင်စိုက်ပေးတာဆိုတော့ မဟာကျေးဇူးရှင်ကြီးပေကို။

ဒါကငွေစိုက်တဲ့ သူဌေးရှိလို့ ဒီလူတွေက ပါတ်စပို့ကို အေးဂျင့်တွေကတဆင့် တင်ကြပေမယ့် ကျွန်တော်တို့လို့စိုက်ပေးမယ့်သူမရှိတဲ့အုပ်စုကမလွယ်လှဘူးလေ။ ပိုက်ဆံချေးမည့်သူကို ခြေထောက်ကိုင်ပြီး အာမခံကြေး ပေးရမည့်အပြင် နေ့တိုး၊ လတိုး၊ထပ်ဆင့်တိုး၊နေ့ပြန်တိုး၊ အရင်းမပေးနိုင်သ၍ သွင်းရမယ့် အတိုး၊ စသည့် အတိုးတွေတောင် ချေးလို့မရဘူး။ ကိုယ်ထက်ဦးသူတွေကရှိနေပြီလေ။
           
ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့်ဆိုတဲ့ သူတွေကိုပါ။ဒါနဲ့ အလုပ်သမားအရေးလုပ်တဲ့ သူတွေဆီ ကိုသွားကြည့်တော့ အစည်းအဝေးတွေကများနေလို့ မတွေ့ရပါဘူး၊နောက်တစ်နေရာကို သွားတော့လည်း လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကို သွားတယ်ဆိုလားပါဘဲ မရေရာ ခဲ့ပါဘူး။ ဒါနဲ့ လူကြီးနဲ့ မတွေ့ရရင် လူငယ်နဲ့ တွေ့ရပါစေတော့ ဆိုပြီး လိုက်ပြန်ပါတယ်…တွေ့ပြန်တော့လည်း တွေတဲ့ သူကို ဒီလိုတွေဖြစ်နေပါတယ် ပြောပြတော့လည်း ဒါကတော့ ထိုင်းနိုင်ငံ- မြန်မာနိုင်ငံ တို့ရဲ့ ဥပဒေပါလိုပြန်ပြောပါတယ်။ 

ကျွန်တော်နားလည်တာတစ်ခုက ဥပဒေ ဆိုတာကိုပါ။ ဥပဒေ ဆိုတာ လူက သတ်မှတ်ပြဌာန်းရတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ ဥပဒေ တစ်ခုဖြစ်ဖို့ဆိုတာ လွတ်တော်က ပြဌာန်းတာပါ။ ပြဌာန်း ဖို့ဆိုတာကလည်း အများနှစ်သက်ရမယ် အောက်ခြေလူတန်းစားတွေ နစ်နာမှု့ အနည်းဆုံးဖြစ်ရပါ့မယ် ။တစ်ကယ်လို့ ဒီဥပဒေကို ပြည်သူကသော်၎င်း သို့တည်းမဟုတ် အလုပ်သမား၊ လယ်သမားတွေကသော်၎င်း ကျောင်းသားကသော်၎င်း တစ်ဦးဦးဘက်က အရမ်းနစ်နာတယ် ဆိုရင် ကန့်ကွက်ရမယ် အရေးဆိုရမယ်။ ဒီလိုလုပ်လာရင် ဒီဥပဒေ ဆိုတာကို ပြန်ပြီး စဉ်းစားရမှာပါ။ဒါကို ဒီမိုကရေစီနည်းကျတယ် လို့ ပြောရင် ရမလား မရဘူးလားဆိုတာတော့ ကျွန်တော်လည်း ပြောမတတ်ပါဘူး။ဒီလိုဘဲထင်တာပါ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကို သွားနေသလို ထိုင်းနိုင်ငံကလည်း ဒီမိုကရေစီ နိုင်ငံတစ်ခုလို့ ကျွန်တော်ဒီရက်ပိုင်း ဂျာနယ်လေးဘာလေးဖတ်ရလို့ သိထားပါတယ်။
           
ဘယ်လိုအကြောင်းတွေဘဲ ဖြစ်ပါစေကျွန်တော်တို့ မြန်မာအလုပ်သမားတွေအရမ်းဒုက္ခရောက်နေတာကတော့ အမှန်ပါဘဲ။ဒီအတွက် စာနာနိုင်ကြပြီး ကျွန်တော်တို့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် ဦးဆောင်ပေးမယ့် အစိုးရရဲ့ လုပ်ဆောင်မူတစ်ခုခုလောက်၊ အမှန်တစ်ကယ် အလုပ်လုပ်ပေးနိုင်တဲ့ မြန်မာအမျိုးသားကောင်း အဖွဲ့တစ်ခုလောက် မဲ့ဆောက်မှာရှိရင် အရမ်းကောင်းမှာဘဲလို့ တွေးရင်းနဲ့  နောက်နေ့မိုးလင်းရင် ရောက်လာမယ့် နေ့ပြန်တိုးသမားကိုမှန်မှန် ပေးနိုင်ဖို့အရေး ညဘက် ကုန်ထမ်းအလုပ်ဆင်းဖို့ ဈေးကိုထွက် လာခဲ့ရပါတယ်။
                                                                                       
ကျော်ဇင်းမင်း ( မဲဆောက်ညဈေး )
မေးလ်မှ ပေးပို့သည်။ 


သတင်း (U.V.I)
.

0 comments: