Wednesday, January 11, 2012

ဒီရေ ဒီလှေ ဒီလူနဲ့ လှော်ခတ်နေရတာ ခင်ဗျားတို့မို့ အားမနာ လျှာမကျိုး ပုတ်ခတ်နေရဲသေး

စိတ်ပျက်မိပါတယ် ။ တော်တော်လေးကို စိတ်ပျက်မိပါတယ် လို့ပဲ ပြောချင်ပါတော့တယ် ။ ခုတလော ကြားနေရတာတွေပါ ။ ကြားဖြတ်ရွေးကောက်ပွဲဝင်လို့ မကျေနပ်သူက မကျေနပ် ၊ ကြံ့ခိုင်ရေးနဲ့ ညီအစ်မပါတီလို့ စွပ်ဆွဲသူက စွပ်ဆွဲ ၊ အပုတ်ချ လုပ်ကြံဖို့ သတင်းသမားတွေ စောင့်ကြည့်ခိုင်းသူက စောင့်ကြည့် ၊ နိုင်ငံရေးအကျဉ်းသားတွေ လွပ်မလာတာ အန်တီ့တစ်ယောက်ထည်း တာဝန်ရှိသလို ။ ဟိုလူကျတော့တွေ့ ငါတို့ကိုကျ မတွေ့ဘူးလို့ ပြောလို့ပြော ။ အား..........စုံနေတာပါပဲ

 ကဲ........ခင်ဗျားတို့ကို ကျနော် မေးချင်တယ် ။ ခင်ဗျားတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်စေချင်ကြတာလည်း ။ ဘာတွေပြော စေချင် နေကြတာလဲလို့ပဲ မေးချင်တော့တယ် ။  ၉၀ ခုနှစ်ကလို ရဲရဲတောက် မိန့်ခွန်းမျိုးတွေကိုပဲ ကြားချင်နေသေးတာလား ။ ၉၀ ခု နိုင်ငံရေး အခင်းအကျင်းနဲ့ ၂၀၁၁ နဲ့ က အများကြီးကွာခြားသွားပြီးဗျ ။ ၂၀၁၁ မှာ ပါတီဆက်လက်ရပ်တည်ရေးက ဘယ်လောက်ထိခက်ခဲနေလဲဆိုတာ ခင်ဗျားတို့ မမြင်ဘူးလားဗျ ။ စည်းရုံးရေးအတွက် ပါတီတွင်း ဆွေးနွေးဟောပြောခွင့်များနှင့် ဒီမိုကရေစီ အမြင်များ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံရေး လုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခြင်းသာ NLD အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ ပါတီးတွင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြတာပါ ။ အစိုးရနဲ့ ပူးပေါင်းနေတာ မဟုတ်ပါဘူး ။ လိုအပ်တဲ့ အချိန်မှာ ပါတီအင်အားကို ထုတ်ဖော်နိုင်ဖို့ လူအင်အားစုစည်းပြီး စနစ်တကျပြင်ဆင်နေတယ်လို့ပဲ ယူဆကြပါ ။ သူ့နေရာကိုလည်း ကိုယ်ချင်းစာပြီး နည်းနည်းဝင်ကြည့် ကြပါဦးဗျာ ။ ဒီရေ ဒီလှေ ဒီလူနဲ့ လှော်ခတ်နေရတာ ခင်ဗျားတို့မို့ အားမနာ လျှာမကျိုး ပုတ်ခတ်နေရဲသေးတယ် ။ ပါတီတွင်းက ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် သစ္စာဖောက် အမြတ်ထုတ်ခြင်းခံခဲ့ရလို့ ရွေးကောက်ပွဲအပေါ် သူ့ကြေငြာချက်တွေ သဲထဲရေသွန်ဖြစ်လို့ဖြစ် ၊ ပါတီဖျက်သိမ်းရေးအတွက် ကြံ့ဖွံ့အစိုးရရဲ့ အမြစ်ဖြုတ် တိုက်ခိုက်ရေး လမ်းစဉ်တွေကို အကာအကွယ်မရှိ အလူးအလဲ တွန်းလှန်ရင်ဆိုင် နေရတာဗျ ။  ခင်ဗျားတို့လို တတိယနိုင်ငံတွေမှာ Donate စားပြီး သက်တောင့်သက်သာ အခန့်သား ပြောချင်ရာ ပြောနေရတာမဟုတ်ဘူးဗျ ။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်နေတဲ့ နေရာမှာ နှစ်မျိုးနှစ်စားထဲပဲရှိပါတယ် ။ (၁) အချက်က ကြံ့ဖွံ့အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီပါတီကို လုထုယုံကြည်ကိုးစားမှု့ လျှော့နည်းစေချင်လို့ ဒီမိုဘက်တော်သား အချို့ကို သွေးဆောင်ဖျားယောင်းပြီး မီဒီယာအားကိုးနဲ့ တိုက်ခိုက်တဲ့ ခေါက်ရိုးကျိုးပုံစံ ၊ (၂) အချက်ကတော့ ကိုယ်တိုင်ကိုက လူရာမ၀င်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အမြတ်ထုတ်ပြီး ပေါ်ပြူလာလုပ် နေရာဝင်ယူချင် နေသူများသာ ဖြစ်ပါတယ်လို့ စွပ်ဆွဲလိုက်ပါတယ် ။

လက်ရှိအချိန်မှာ ကြံ့ဖွံ့အစိုးရ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုပြောပါဆို ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု့ လျှော့နည်းစေချင်တယ်လို့ တစ်ပြိုင်တည်း ပြောကြမှာပဲ ။ သူတို့ကို ခင်ဗျားတို့ ဘယ်လောက်ဝေဖန် ဝေဖန် လုံးဝဂရုမစိုက်ဘူး ။ သူတို့မကောင်းတာ သူတို့လည်းသိတယ် ။ တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရော သိတယ် ။ သူတို့အတွက် သိပ်ထူးထူးထွေထွေ မရှိတော့ဘူး ။ သူတို့သေလောက်အောင် ကြောက်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီထက် ပိုပြီး အင်အားကောင်းလာမှာကိုပဲ ။ အမတ်နေရာ ၆၀၀ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ လက်ကျန် ၄၈ နေရာကိုပဲ NLD ကို ခွဲပေးလိုက်ရမှာ သူတို့အတွက် အကြီးမားဆုံး အကြောက်တရားပါ ။ လူထုထောက်ခံမှု့ အပြည့်အ၀နဲ့ NLD ပါတီ လွှတ်တော်ထဲ ရောက်လာပြီး တပ်မတော် အပေါ်မှာ သြဇာညောင်းသွားမှာကို အင်မတန် စိုးရိမ်ပူပန်နေကြပါတယ် ။ သူတို့တွေ စည်းရုံးသိမ်းသွင်းထားတဲ့ မဟာမိတ်တွေဆိုတာရော သူတို့အတွက် ဘယ်လောက် အာမခံချက်ပေးနိုင်မှာလဲ ။ အင်အားကောင်းလာရင် တားဆီးလို့ မရနိုင်တော့ပါဘူး ။ လွှတ်တော်တွင်း ပြောင်းလဲမှု့များ ဖြစ်ပေါ်လာပြီး လက်ရှိမတရားတဲ့ အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင် မွမ်းမံသွားနိုင်ကြရင် သူတို့အတွက် ငယ်ထိပ်ကို မြွေတက်ပေါက်တာထက် ပိုဆိုးသွားနိုင်တယ် တွက်ချက်ထားပုံရပါတယ် ။ ဒါကြောင့်လည်း လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လှည့်တိုက်ဖို့ အတွက် အစွမ်းကုန် ကျိုးစားနေကြတာ ရှင်းနေတာပဲ ။

တစ်ကမ္ဘာလုံးတောင်းဆိုနေကြတဲ့ သုံးဘက်မြင် ထင်သာမြင်သာရှိတဲ့ တရားဝင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရှောင်လွှဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကိုယ်ကြားပဲ တွေ့ဆုံခဲ့တဲ့ ဦးသိန်းစိန်ရဲ့ လမ်းစဉ်ဟာ ရိုးသားမှု့လုံးဝမရှိပါဘူး ။ အချိန်တန်ရင် ချောက်ချဖို့ ကြိုတင်စီမံထားတဲ့ ထောင်ချောက်တစ်ခုဆိုတာ အခုပီပီပြင်ပြင်ကြီး မြင်နေရပါပြီ ။ လူထုစိန်ဝင်းက ပြည်သူကို သြဇာညောင်းတယ်ဆိုပြီး ညီအစ်မပါတီလို့ စွပ်ဆွဲပုတ်ခတ်အပြီး လွပ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ကျဉ်းတွေ ချန်လှပ်ပြီး ပြန်လွှတ်ခဲ့တာ စတာတွေဟာ သူတို့ချင်းလက်ဝါးချင်းရိုက်ပြီး လူထုနဲ့ဒေါ်စုကို ရန်တိုက်ပေးလိုက် သလိုပါပဲ ။ နိုင်ကျဉ်းကိစ္စကို လူထုကို အကြိမ်ကြိမ်ဂတိပေးခဲ့တဲ့ ဒေါ်အောင်းဆန်းစုကြည်ရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်ခြင်းပါ ။ ကဲ မင်းတို့ ခေါင်းဆောင် ဘာအသုံးကျလဲလို့ ပြောလိုက် သလိုဖြစ်နေတယ် ။ သူတို့ဖြစ်စေချင်တဲ့လမ်းကြောင်းတိုင်းလိုက်ပြီး ယောင်းဝါးဝါး ပြောဆိုပုတ်ခတ်နေမယ်ဆိုရင်တော့ အစိုးရမကောင်းကြောင်း ပြောတဲ့ အစိုးရလူလို့ပဲ သတ်မှတ်ရပါလိမ့်မယ် ။

ဒေါ်အောင်ဆန်းစုကြည် ၉၀ ခုနှစ်ထည်းက အမြဲပြောတဲ့ စကားက " လူထုဆန္ဒမပါရင် ဘာမှ မအောင်မြင်ပါဘူး " ဆိုတာပဲ ၊ ဒီနေ့ အထိလည်း ပြောနေတုန်းပါပဲ ။ " ပြည်းတွင်းစစ် ရပ်ဆဲရေးအတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကူညီကြပါလို့" ပြောသွားတာ ခင်ဗျားတို့ကို လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြပါလို့ မပြောရုံတမယ် ကျန်တော့တယ် ။ နိုင်ကျဉ်းလွပ်မြောက်ရေးအတွက် သူမကိုယ်တိုင်လည်း အဓိကထား တောင်းဆိုနေတာပဲ ။ သူမအနေနဲ့ မပြောသင့်တဲ့စကားတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်နားလည်းကြဗျာ ။ ကိုယ်တိုင်တွေးတောပြီး ကိုယ်နေရာကနေ ကိုယ့်အစွမ်းရှိသလောက် တောင်းဆိုတိုက်ပွဲဝင်ကြရင် နေရာတိုင်းမှာ ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီ အသီးအပွင့်တွေ ပွင့်ဖူးလာကြမှာပဲ   ။ အစစ အရာရာ အားကိုးမနေကြနဲ့ ။ ဟိုဟာလည်း အန်တီ ဒီဟာလည်း အန်တီ နေရာတကာ လိုက်လုပ်ပေးနေရမှာလား ။ တိတ်ကြပါတော့ ခင်ဗျားတို့ ပါးစပ်တွေကို တိတ်လိုက်ကြစမ်းပါဗျာ ။ ခင်ဗျားတို့ ပြောနေတာနဲ့ ကြောက်လန့်ပြီး နောက်ကွယ်မှာပုန်းနေတဲ့ ငနဲကြီးက ကြိတ်ပျော်နေပြီဗျ ။

ခင်ဗျားတို့ကို ပြောနေရတာ မဝေဖန်ပါနဲ့လို့ ပြောနေတာမဟုတ်ပါဘူး ။ ဒါက ခင်ဗျားတို့ရဲ့ လွပ်လပ်ခွင့်ပဲ ။ ဒါပေမယ့် အပုတ်ချပြီး စွပ်ဆွဲ တိုက်ခိုက်တာကြတော့ ဒီမိုကရေစီ မှော်လင့်ချက်တွေအတွက် အကောင်းမြင်တဲ့ ဝေဖန်မှု့ မဟုတ်တော့ဘူးဗျ ။ ချော်လည်းရောထိုင် ဖျာဝင်ခင်း လူထုအင်အားကို ဖြိုဖျက်ပြီး ဒီမိုကရေစီ သွေဖယ်ရေး စစ်အုပ်စုရဲ့ လမ်းစဉ်တွေ ဖြစ်နေတယ် ။ ကဲ ဒီမိုကရေစီဆိုတာ ပုဂိုလ်ရေးမဟုတ်ဘူးဆိုတဲ့လူတွေ ခင်ဗျားတို့မှာ လူထုယုံကြည်မှု့ ဘယ်လောက်ရှိလဲ ၊ အစိုးရကို ဖိအားပေးနိုင်တဲ့ အရည်အချင်းဘယ်လောက်ရှိနေလဲ ၊ နိုင်ငံတကာ ထောက်ခံမှု့ဘယ်လောက်ရှိနေလဲ ။ ဒီလိုမေးလိုက်လို့ အနာပေါ် ဒုတ်ကျပြီး မခံမရပ်နိုင် ဖြစ်သွားကြလား ။ အမှန်ကို လက်ခံပါဗျာ ။  ကိုယ်တိုင် ဘာမှ မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်တဲ့ လူကို ၀န်းရံပြီး ဒီမိုကရေစီလမ်းကြောင်းကို ဘာလို့ မချီတက်ချင်ကြသေးတာလဲ ။ ဒီစာရေးနေတာကလည်း ခင်ဗျားတို့က စစ်အုပ်ချုပ်ရေး ဆန့်ကျင်ပြီး ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးသူများ ဖြစ်တယ်လို့ ယုံကြည်ပေးနေသေးလို့ပဲ ။
 ရေးသားသူ။ ။ကျော်စွာ
.

0 comments: