Tuesday, July 05, 2011

ထိုင်းအစိုးရဟောင်း မဲမခိုးတတ်အလွန်ညံ့ ..မြန်မာအစိုး၏ခြေဖျားမမှီ

ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲ လုပ်ပြီးသွားပြီ။ တော်တော်ညံ့တယ်လို့ပဲ ပြောရမယ်ထင်တယ်။ ဒီလောက် အိမ်နီးချင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို နမူနာ မယူတတ်ကြဘူး။ သူတို့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ဒီလိုတွေ့ရတယ် -

- အဘီဆစ်ဝေ့ချာချီဝ ကလည်း လက်ရှိ ဝန်ကြီးချုပ် ဖြစ်နေပြီး ရှုံးနိုင်ခြေရှိရတယ်လို့ ... (ရှုံးတယ်ဆိုတာတောင် လူမြင်ကွင်း ထွက်ကြေညာလိုက်သေးတယ် - ပိန်းပါ့)

- ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဆွေမျိုးကိုလည်း ရွေးကောက်ပွဲ ပေးဝင်လိုဝင် (သူက အမျိုးသမီး ဖြစ်နေသေးတယ်)

- ရွေးကောက်ပွဲ ပေးဝင်တာတောင် တော်လှပြီ နိုင်ခြေရှိတဲ့ အနေအထားအထိ အဖြစ်ခံသေး။ ပြီးတော့လည်း သူ နိုင်ငံရေးဝင်လုပ်တာ ၆ ပတ်ပဲ ရှိသေးတယ် အခု ဝန်ကြီးချုပ် ဖြစ်တော့မယ်။ မြန်မာပြည်က အမျိုးသမီးက အနှစ် ၂၀ ကျော် နိုင်ငံရေးဝင်လုပ်တာ ခုထိ ဝန်ကြီးချုပ် မဖြစ်သေးဘူး (ဒါ အကြီးဆုံး ထိုင်းရဲ့အားနည်းချက်ပဲ) ဟိုကလည်း နာမည်မှာ ရှင်နာဝမ် ဆိုပြီးပါတယ်။ ဒီကလည်း အောင်ဆန်း ဆိုတာပါတယ် ... အတူတူပဲ မဟုတ်ဘူးလား။ အသက် ၄၀ ကျော်မှာ နိုင်ငံရေးဝင်လုပ်တာချင်းလည်း တူတယ်။ မြန်မာက အနှစ် ၂၀ ကျော်တဲ့ထိ ထိန်းထားနိုင်တယ်။ ထိုင်းက ၆ ပတ်တောင် မထိန်းနိုင်ရှာဘူး။

- မဲခိုးနည်း၊ မဲလိမ်နည်းတွေ မတတ်ကြဘူးနဲ့တူပါရဲ့ ...။ မြန်မာပြည်မှာ ဒီပလိုမာ သင်တန်းလေး ဘာလေး ဖွင့်မဖွင့် စုံစမ်းပြီး ပညာတော်သင် လွှတ်သင့်တယ်

- မဲရေတာကလည်း လူမြင်ကွင်းကြီးမှာ

- မဲရေနေတုန်း မီးပျက်ရမယ် ဆိုတာလည်း နားလည်ပုံမရဘူး

- မဲရေနေတုန်း ကြိုတင်မဲတွေလည်း အထုပ်လိုက်ကြီး ရောက်မလာဘူး :(

အထက်ပါ အချက်တွေကတော့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း သမ္မတ ဦးသိန်းစိန် ကိုယ်စား စာရင်းပြုစုပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် :P (နောက် ၁၀ နှစ် မပြောနဲ့ အနှစ် ၂၀ ကြိုးစားတောင် ခြေဖျားကို မမီနိုင်ဘူး)

နောက်ထပ် ဘာအားနည်းချက်တွေ ရှိသေးတယ်ဆိုတာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်ကပဲ ဆက်လက်စာရင်းပြုစုပေးစေချင်ပါ
တယ်။
ရန်ကုန်သားတာတေ ဧရာဝတီ
ဓါတ်ပုံ အေပီ 
.

0 comments: