Friday, May 27, 2011

သမ္မတ ဦးသိန်းစိန် ၃ရက်ကြာ တရုတ်ခရီးစဉ် စတင်

  မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံကို ၃ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ကြာသပတေးနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဖက်ကတော့ မြန်မာ အစိုးရသစ် တက်လာပြီးပြီးချင်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဌ ကျားချီလင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး မြန်မာအစိုးရသစ် ကို ထောက်ခံကြောင်း တရားဝင် ပြောသွားသလို တရုတ် စစ်ကော်မရှင်ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရှီးဆိုင်အိုးနဲ့ အဖွဲ့ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံကို လာရောက် ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးတွေမှာ အရေးပါလှသလို မြန်မာနိုင်ငံဖက်က ကြည့်ရင်လည်း နိုင်ငံတကာ မျက်နှာစာမှာ တရုတ်ရဲ့ အထောက်အခံ အကာအကွယ်ပြုမှုဟာ မြန်မာအစိုးရအတွက် မရှိမဖြစ် အရေးကြီးတယ်လို့ ယူဆရကြောင်း တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်ဖို့ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကို အသစ် တိုးမြှင့်နိုင်မဲ့ ပူးတွဲ ကြေညာချက် ဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျွမ်းဝါ ကပြောပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ စစ်ရေး၊ လုံခြုံရေးတွေကိုလည်း ဆွေးနွေး ပြောဆိုဖို့ ရှိသလို သဘာဝ ပိုက်လိုင်းကိစ္စ၊ သတ္တု တူးဖေါ်ရေး ကိစ္စ၊ အာရှဖေါက် မီးရထား ကားလမ်း ကိစ္စ၊ ရေအား လျှပ်စစ် ထုတ်လုပ်ရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံရဲ့ ပေါ်လစီအရ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် လုံခြုံ စိတ်ချရရေးဟာ အဓိက အကျဆုံး ဖြစ်နေတဲ့ အတွက် တရုတ်မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ကို မြန်မာ အစိုးရ အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို နှစ်နိုင်ငံ ခေါင်းဆောင် တွေ တွေ့ဆုံတဲ့အခါ ထည့်သွင်း ဆွေးနွေးဘွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သတင်း၊ဓါတ်ပုံ ဘီဘီစီ .

0 comments: