Thursday, May 05, 2011

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆိုပြီ

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ။
ဓာတ်ပုံ AP သတင်း VOA
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ။ နိုဝင်ဘာ ၂၊ ၂၀၀၉။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။ အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။ ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။ “ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။” နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။ “ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။” ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။ “မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။” ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။ “General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။ “နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။” နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။ .

0 comments: