Thursday, May 30, 2013

တာဝန်ယူမှု တာဝန်ခံမှုရှိစေလို

၁။ မိတ္ထိလာမြို့တွင် အပြစ်ရှိသူ ရွှေဆိုင်ပိုင်ရှင်နှင့် ဘုန်းကြီးသတ်သူများအား အပြစ်ဒဏ်စီရင်ပြီး သကာလ ... ကျန်ရှိသော လူဆယ်ဂဏန်းအထိ သေကြေအောင် တိုက်ခိုက် အကြမ်းဖက်သူများ၊ မီးရှို့အကြမ်းဖက်သူများကို ... ဘယ်အတိုင်းအတာအထိ ဖမ်းဆီး အရေးယူရန် ပြုလုပ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရ။ အကြမ်းဖက်သူ ရာဇဝတ်သားများ အားလုံး ဖမ်းမိတာ ဟုတ်သလား ဆိုသော နောက်ဆက်တွဲ သတင်းလည်း မကြားရ။

၂။ ဥက္ကံမြို့တွင် လူသေသည်အထိ ရိုက်နှက်သူ၊ သူများအိမ်ယာများကို မီးရှိုဖျက်စီးသူ လူရမ်းကားများကို ဖမ်းဆီးမိထားသည် ဆိုသော သတင်းမကြားရ။ လွတ်မြောက်နေသော အကြမ်းဖက်သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေသည်ဟူသော သတင်းလည်း မကြားရ။

၃။ ပဲခူးတိုင်း အနောက်ခြမ်းက အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူသည်ဟူသော သတင်းများ လုံးဝ မကြားရ။

၎။ လားရှိုးတွင် မြို့နေလူထုအား အန္တရာယ်ပေးနိုင်ပြီး တမြို့လုံးရှိ မြို့သူ မြို့သားများ အားလုံး မီးဘေးသင့်နိုင်သည့်အထိ အန္တရာယ်ပေးသူများကို ဖမ်းဆီးရန်၊ တားမြစ်ရန် ကြိုးပမ်းနေသည်ဟု ... အသံ တစ်ခုမှ မကြားရသေး။ 

အစိုးရ၏ တာဝန်မှာ ပုဒ်မ ၁၄၄ ထုတ်လျှင် ပြီးပြီဟု ထင်မှတ်နေပုံရ၏။ မြန်မာအစိုးရ၏ ထူးခြားသော တာဝန်ကျေအောင် ထမ်းဆောင်ပုံ မှာ မှတ်တမ်းတင်ရလောက်၏။ 

အလားတူ ... သတင်းသမားများကလည်း အရေးအခင်း ဖြစ်နေသည်ဟူသော "ဖြစ်ကြောင်းပြ" သတင်းများ ရေးတာကို တာဝန်ကျေသော သတင်းသမားများဟု ထင်မှတ်နေကြပုံရသည်။ နောက်ဆက်တွဲ သတင်းများ၊ အကြမ်းဖက်သမားများကို ဖေါ်ထုတ်မှုများ၊ အစိုးရတာဝန်ရှိသူများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ရာတွင် ညံ့ဖျင်းချက်များကို ဖေါ်ထုတ် ရေးသားမှုများအား လုံးဝ မတွေ့ရ။ 

အမေရိကန်မှာ သမ္မတ နစ်ဆင်ကို ရာထူးက ထွက်သွားအောင်အထိ လုပ်နိုင်ခဲ့တဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံကို ဖေါ်ထုတ်ခဲ့တဲ့ သတင်းသမား ဆိုတဲ့ အလေ့အကျင့်တွေကို တန်ဖိုးထားကြပါလို့သာ ... သတင်းမီဒီယာများကို တိုက်တွန်း နှိုးဆော်ပါရစေ။

(ကိုထိုက်)