Thursday, June 09, 2011

စနစ်တကျ မှားယွင်းခဲ့သော စိတ်ကူးအိပ်မက်များ





ဒီနေ့ ပျင်းပျင်းရှိတာနဲ့ အမှတ်မထင်ပဲ 5 Movies မှလာသော ဇာတ်လမ်းလေးကို ထိုင်ကြည့်နေ မိသည်။ အနောက်တိုင်းရုပ်ရှင် ဇာတ်ကားလေးတစ်ပုဒ်ပါ… ကလေးတွေရဲ့  စိတ်ကူးစိတ်သန်းကို ရိုက်ပြ ထားတဲ့ ကားလေး……. မူလတန်း အလယ်တန်းအရွယ် ကျောင်းသားကလေးတွေရဲ့  စိတ်ကူး အိပ်မက်လေး တွေကို ရိုက်ပြထားတဲ့  ဇာတ်လမ်းပါ…ဇာတ်လမ်းထဲမှာ သူတို့လေးတွေရဲ့  ပညာရေးသင်ယူမှု အခြေအနေကို ကြည့်ပြီး ကျွန်တော်တွေးမိလိုက်တဲ့ အတွေးလေးတွေကတော့……………

သူတို့ကျောင်းခန်းထဲမှာ ဂီတာတီးသီချင်းဆိုပြီး ဂီတကိုလည်း သင်ကြားပေးသည်။ မူလတန်းရွယ် ကလေးတစ်ယောက်ရဲ့ အတွေးထဲတွင် စိတ်ကိုလွပ်လပ်စွာထားဆိုတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်နေသည် …. ကျွန်တော်တို့ ငယ်ငယ်တုန်းကရော သူတို့လိုစိတ်ကူးစိတ်သန်းတွေရှိရဲ့လား ပန်းချီပညာတို့ ဂီတပညာတို့ ဆိုတာကိုရော စိတ်ဝင်စားခဲ့ရဲ့လား …………..

ကျွန်တော်ကျင်လည်ဖြတ်သန်းခဲ့ရသော ကျောင်းစာသင်ခန်းမှာကား ကိုယ့်ယဉ်ကျေးမှု ရိုးရာဂီတ စည်းနဲ့ဝါးဆိုတာကိုတောင် စာသင်ချိန်တစ်ခုအနေနဲ့ ထည့်သွင်း သင်ကြားခဲ့ရခြင်းမရှိ…. ပန်းချီဘာသာ ရပ် ကိုရော အတန်းထဲပန်းချီဆွဲလျှင်ပင် စာမလုပ်၍ ဆိုပြီး အပြစ်ပေးခံရသေးသည်…ကဗျာတွေစာတွေကိုရော ကဗျာရေးလျှင် မဟုတ်တာလုပ်သည်ဟု ဆူခံရသည်… ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကရော ကာယချိန်လို့သာ Time Table ထဲတွင်ထည့်ထားသည် ….အတန်းပိုင်ဆရာမရဲ့ အစားထိုးသင်ပြမှုနဲ့သာ ပြီးခဲ့ရသည်ချည်းပင်……
 
ကျွန်တော် ကြုံတွေ့ ပညာသင်ကြားခဲ့ရသော ကျောင်းသားဘ၀တွင်ကား ကျွန်တော် ၀ါသနာပါလှသော ပန်းချီပညာကိုလည်း သင်ပြပေးမည့်ဆရာ မရှိခဲ့သလို ကျွန်တော်စိတ်ပါဝင်စားလှစွာသော ကဗျာကိုလည်း အားပေးချီးမြှောက်ဖို့ထက် အသိအမှတ်ပြုပေးမည့်သူပင်မရှိခဲ့ ကျွန်တော်တို့တွေအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆိုသည်မှာ ကျောင်းရံပုံငွေအဖြစ် စိုက်ပျိုးနေသော ချောင်းနံဘေးမှ လယ်ကွက်တွင် ကျောက်ခဲများကိုရွေးချယ် လွှင့်ပစ်ခြင်းလား ကျောင်းဝန်းပတ်လည်မှာ နှစ်ရှည်ပင်များကို ကိုယ်တိုင် စိုက်ပျိုးခြင်းလား ကျောင်းနံဘေးက မြောင်းများကို တူးဖော်ခြင်းလား …. စာသင်ချိန်အစမှာ စာအုပ် ခဲတံပြည့်စုံဖို့ထက် ပေါက်တူးပေါက်ပြား လက်နက်ကိရိယာများပြည့်စုံဖို့ လိုအပ်ခဲ့သည့် ကျွန်တော့် နယ်ကျောင်းလေးက ပညာသင်ကလေးဘ၀ကို တွေးတောမိသည်….
 
ကွန်ပျူတာဆိုတဲ့ ထူးဆန်းတဲ့ ဧည့်သည်ကြီး ကျွန်တော် ဆယ်တန်းနှစ်က ရောလာခဲ့သည်... ဒါပေမဲ့  အဲဒီကွန်ပျူတာဆိုတာကြီးကို ကျွန်တော်တွေ့ဆုံခွင့် မရခဲ့ပါ ကျွန်တော်ကြားဖူးသည်က သူက အဲကွန်းတပ်ထားတဲ့ အအေးခန်းမှာသာ နေနိုင်သည်ဆိုပဲ ဘာလို့များ မီးမရှိတဲ့ ငါတို့ နယ်က အထက်တန်းကျောင်းကို ရောက်လာပါလိမ့်  မီးမရှိအအေးခန်းမရှိသော ကျွန်တော်တို့ နယ်က ကျောင်းမှာ ဒီကွန်ပျူတာ ဆိုတာကြီးက ရှင်သန် နိုင်တယ်တဲ့လား ကျွန်တော့်အတွေးနဲ့  လိုက်မမှီနိုင်ခဲ့ အရမ်း တန်ဖိုးကြီးတဲ့ ပစ္စည်းမို့ ပျက်ဆီးဆုံးရှုံးမှုရှိလျှင် ငွေကြေး အလျှော်အစား ပေးနိုင်သူကိုသာေ၇ွးချယ်ပြီး ကွန်ပျူတာဆိုတာကြီးကို ထိတွေ့ ခွင့်ပေးခဲ့သည်..ဒီလိုနဲ့ ပဲ ကျွန်တော် ကွန်ပျူတာ မမြင်ဖူးပဲ ဆယ်တန်းအောင်လာခဲ့သည်



ကွန်ပျူတာဆိုတာကြီးက ကျွန်တော့်ဘ၀အတွက် အရေးပါမည့်အရာဟုလည်း မထင်ခဲ့ မိပါ…………ဒီလိုနဲ့ပဲ ကွန်ပျူတာဆိုတာကို ကျွန်တော်မေ့ထားလိုက်သည်…ကျွန်တော့်အတွက် မီဒီယာသည် အဖေ့ရေဒီယို အဟောင်းလေးကို နားထောင်ခြင်း ဂျာနယ်အဟောင်းများကို ဖတ်ရှုခြင်း ပင်ဖြစ်ခဲ့သည်..ဒီလိုနဲ့ ကျွန်တော့်အတွက် စာအုပ်တွေကသာ သင်ဆရာ မြင်ဆရာ ကြားဆရာ ဖြစ်လာခဲ့သည် စစ်နဲ့ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ အရှေ့ကနေ၀န်းထွက်သည့်ပမာ စသောစာအုပ်များကို ဖတ်ရှုခွင့်ရခဲ့သလို ရန်ကုန်ကို ခဏရောက်ခိုက်မှာလည်း စာရေးဆရာကြီး ဒဂုန်တာရာရေးတဲ့ ‘မေ’ ဆိုတဲ့စာအုပ်ကို မိုးရေထဲမှာ ထမင်းလွတ်ဟင်းလွတ် တနေကုန်လိုက်ရှာခဲ့ဖူးသည်။ မှတ်မှတ်ရရ အဲဒီတုန်းက စာအုပ်ပြတ်သွားသည်ဆိုပြီး လုံး၀၀ယ်မရခဲ့ပါ နောက်တစ်လနေမှ လူကြုံနဲ့ ရန်ကုန်ကအမထံမှ ပေးပို့လိုက်သည်ကို ဖတ်ရှု ရသည်…ဖတ်ကြည့်လိုက်တော့ ကျွန်တော်ထင်သလို ‘မေ’သည် ကျွန်တော့်ကို စွဲလမ်းမှု မပေးနိုင်ခဲ့ ….အဲဒီအကြောင်းကို ကျွန်တော်တို့နယ်မှာ တာဝန်ကျသည့် ကျွန်တော့်ရဲ့စာပေဆွေးနွေးဘက် ဆေးရုံအုပ်ကြီးကို ပြောပြတော့ နောင်ဆယ်နှစ်ကြာရင် အဲစာအုပ်ကိုထပ်ဖတ်ကြည့်ပါတဲ့…….ခုဆို ဆယ်စုနှစ်တခု ကျော်ခဲ့ပြီပဲ……. ကျွန်တော်ရဲ့အတွေးအမြင် စိတ်ကူးများသည်လည်း ပြောင်းလဲသင့် သလောက်  ပြောင်းလဲလာခဲ့ပြီ…………

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က လူကုန်ထံသားသမီးများသာ ထိတွေ့ခွင့်ရခဲ့သော ကွန်ပျူတာ ဆိုတာကိုလည်း ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ခွင့်ရနေခဲ့ပြီ ….အဲလိုအခွင့်အလမ်းတွေရဖို့ ကျွန်တော့် ၀ါသနာ ကျွန်တော့် ရည်မှန်းချက် ကျွန်တော့် စိတ်ကူးစိတ်သန်းတွေကို ၀ါးမြိုခံခဲ့ရသည်….. ဟိုးမူလတန်း ကလေးဘ၀မှာသာ ကျွန်တော့် ၀ါသနာတွေကို စနစ်တကျပျိုးထောင် လေ့ကျင့်ခွင့်ရခဲ့လျှင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကသာ ကျွန်တော့်မေမေ မဆုံးပါးခဲ့လျှင် ကျွန်တော် ကမ္ဘာကြီးကို တပတ်ပတ်ပြီး ဖြစ်မလားဘယ်သူမှ မသိနိုင်ပါ …….


လူတစ်ယောက်ရဲ့ အတွေး စိတ်ကူးစိတ်သန်း ၀ါသနာတွေဟာ ဟိုးကလေးဘ၀ စာသင်ခန်းလေးထဲက စခဲ့သည်ပဲ မဟုတ်ပါလား….ကျွန်တော့်လို စိတ်ကူးအိပ်မက် ၀ါသနာပါသော ကလေးဘယ်နှစ်ယောက်များ သူတို့ ၀ါသနာကို အကောင်အထည်ဖော်ခွင့် ရနေပြီလဲ…….ကျွန်တော့်လိုရော အခက်အခဲတွေကြားထဲကနေ ပညာကို ဆုံးခန်းတိုင်အောင် သင်ခွင့်ရကြရဲ့လား …နာရီပိုင်းသာကြာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က ကျွန်တော့်ရဲ့ ငယ်ဘ၀ ကျွန်တော်တို့ရဲ့ ရှင်သန်ခွင့် ကျွန်တော့်ရဲ့ စိတ်အတွေးတွေကို မီးမောင်း ထိုးပြခဲ့သည်….

ကျွန်တော့်ရဲ့ စနစ်တကျလွဲချော်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေအတွက် ရှေ့ဆက်ပြီး လျှောက်လှမ်း နိုင်ဖို့ ကြိုးစားရအုံးမည်။ ဒါမှမဟုတ် အိပ်မက်ကို အကောင်အထည်ဖော်ခွင့် မရရှိကြသော ကျွန်တော့်လို ကလေး ပေါင်းများစွာအတွက် ကျွန်တော်ဆက်လက်ရှင်သန်ရအုံးမည်…………….
ရေးသားသူ ။          ။ ယောဖြူ.

0 comments: