Pages

Sunday, August 14, 2011

အစိုးအသစ်၏ မဟုတ်မမှန်သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)

ကြောင်ဆန်းအာနေစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အခြေခံဥပဒေနှင့်အညီ ပြောင်းလဲရပ်တည်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)ကို သြဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး စုဝေးခန်းမ၌  ကျင်းပသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဒုတိယ၀န်ကြီးများ၊ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ ပြည်တွင်းစာနယ်ဇင်းများမှ စာတည်းမှူးချုပ်များ၊ တာဝန်ခံများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အခြေခံဥပဒေနှင့်အညီ ပြောင်းလဲရပ်တည်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများက မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းလိုက်သည်။ ယင်းနောက် သတင်းစာဆရာများနှင့် ဖိတ်ကြားထားသူများသည် စုဝေးခန်းမအတွင်း ခင်းကျင်းပြသထားသည့် ငြိမ်းချမ်းရေးရယူခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ငယ် ၂၃ ဖွဲ့စာရင်း၊ ငြိမ်းချမ်းရေးရယူခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးက သဘောတူလက်ခံပြီးဖြစ်သည့် ငြိမ်းချမ်းရေးအဖွဲ့များလိုက်နာရမည့် ငြိမ်းချမ်းရေးမူစည်းကမ်း (၈)ချက်၊ နိုင်ငံတော်အပိုင်းက ငြိမ်းချမ်းရေး အဖွဲ့များအားလုံးအတွက် ထောက်ပံ့ငွေ၊ ရိက္ခာ၊ ယာဉ်၊ ပစ္စည်းစာရင်းချုပ်၊ နိုင်ငံတော်အပိုင်းက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုစာရင်းချုပ်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် KIO/KIA အဖွဲ့နှင့် အသွင်ကူးပြောင်းရေးမတိုင်မီ၊ အသွင်ကူးပြောင်းရေးကာလအတွင်း တွေ့ဆုံဆွေးနွေးစဉ် တင်ပြချက်များ၊ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားမှုကို အကြောင်းပြ၍ KIO/KIA အဖွဲ့မှ ပစ်ခတ်၊ တိုက်ခိုက်၊ မိုင်းခွဲ၊ ဖမ်းဆီး၊ သတ်ဖြတ်၊ ဖျက်ဆီးမှုများ စာရင်းချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၁၇-၆-၂၀၁၁ ရက်စွဲပါ စာအမှတ် (၁/၃၀၀၄/၁၀၀/စရန) ဖြင့် KIO အဖွဲ့၏ ကမ်းလှမ်းချက် ကိစ္စအကြောင်းအရာပါ ပေးစာမှစ၍ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့၊ ဦးသိန်းဇော်တို့နှင့် KIO/KIA တို့ နှစ်ဖက်အပြန်အလှန်ပေးစာ၊ အကြောင်းကြားစာများ၊ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် KIO/KIA တို့အကြား တည်ငြိမ်အေးချမ်းမှုအတွက် ဆွေးနွေးဆောင်ရွက်မှုမှတ်တမ်းများ၊ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ရပ်ရွာဒေသကို စွန့်ခွာပြီး မြို့များသို့ တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသည့် မိသားစုများအတွက် ပြည်နယ်အစိုးရက စခန်းပေါင်း ၁၃ ခု ဖွင့်လှစ်ပြီး လက်ခံကူညီစောင့်ရှောက်ပေးမှု အခြေအနေ၊ အစိုးရအဖွဲ့သစ်လက်ထက် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပကုန်သွယ်မှု၊ ငွေကြေးဖောင်ပွမှုနှုန်း စသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာရင်းဇယားများ၊ UPR အစည်းအဝေးဆိုင်ရာ မှတ်တမ်းနှင့် အချက်အလက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ KNU/KIA နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့၏ အကြမ်းဖက်အဖျက်လုပ်ရပ် မှတ်တမ်းတင်ဓာတ်ပုံများနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် ပြည်သူများ ထိခိုက်၊ သေကျေ၊ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း ၂၀၁၁ ခုနှစ် သြဂုတ် ၁၂ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။ .

No comments:

Post a Comment

Note: Only a member of this blog may post a comment.