Pages

Tuesday, August 16, 2011

နိုင်ငံတော် သူခိုးကြီးများ ငကြောင်ကြီးများအား အကြောင်းအရာ ငါးချက်ပေါ်တွင် မူတည်၍ စွပ်စွဲပြစ်တင်ခွင့်ရှိ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများအား အကြောင်းအရာ ငါးချက်ပေါ်တွင် မူတည်၍ စွပ်စွဲပြစ်တင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သိရသည်။ ထိုသို့ စွပ်စွဲပြစ်တင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၅၆ ဦး လက်မှတ်ရေးထိုးရုံဖြင့် စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံ တင်ပြနိုင်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်ကို  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ တွင် ပြဋ္ဌာန်းထားပြီး ယင်းတို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်း ပျက်ယွင်းခြင်း၊  ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ သို့မဟုတ်  ဒုတိယသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံ တင်ပြရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁(ခ)တွင် ပြဋ္ဌာန်းထားပါသည်။ ယင်းပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူ ဥပဒေအတိုင်ပင်ခံတစ်ဦးက “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက ပြည်ထောင်စု လွှတ်တော်မှာ ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံ တင်ပြရမယ်လို့ ဆိုထားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာပါတဲ့ လွှတ်တော်နှစ်ရပ်ဆိုတာက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ဆိုတာပါ။ ဥပဒေ ပြဋ္ဌာန်းချက်တွေအတိုင်းဆိုရင် အမျိုးသား လွှတ်တော်မှာက ကိုယ်စားလှယ် ၂၂၄ ယောက် ရှိမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာက ကိုယ်စားလှယ် ၄၄၀ ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်တွေထဲက အတိုင်းတော့ အခုမဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့်  အရေအတွက်တချို့ လျော့သွားပါတယ်။ ဒါပေမယ့် နဂိုရှိတဲ့ ၂၂၄ ယောက်ရဲ့ လေးပုံတစ်ပုံနဲ့ တွက်မယ်ဆိုရင် အမျိုးသားလွှတ်တော်ရဲ့ ကိုယ်စားလှယ် ၅၆ ယောက်က လက်မှတ်ရေးထိုးရုံနဲ့ စွပ်စွဲချက်ကို တင်ပြနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်တွေက စွပ်စွဲချက်ကို တင်ပြမယ်ဆိုရင်တော့ ၄၄၀ ရဲ့ လေးပုံတစ်ပုံဆိုရင် ၁၁၀ က လက်မှတ်ရေးထိုးရုံနဲ့ စွပ်စွဲချက်ကို တင်ပြနိုင်တယ်ဆိုတာ တွေ့ရပါတယ်”ဟု သုံးသပ်ပြောကြားခဲ့ပါသည်။ ထို့အတူ ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံပါက ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၁(ဂ)တွင် ပြဋ္ဌာန်းထား ပါသည်။ ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ တွင် ပြဋ္ဌာန်းထားပြီး ယင်းတို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်လိုပါက နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ (ခ) အရ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် သို့မဟုတ် ၀န်ကြီး တစ်ဦးဦးအပေါ်ကိုလည်း စွပ်စွဲပြစ်တင်နိုင်ကြောင်း အကြောင်းအရာ ငါးချက်ပေါ်တွင် မူတည်၍ စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၃ အရ သိရသည်။ အကြောင်းအရာ ငါးချက်မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် သို့မဟုတ် ၀န်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။ ထူးခြားချက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သာမက နိုင်ငံတော်သမ္မတကပါ စွပ်စွဲပြစ်တင်နိုင်ပြီး ထိုသို့စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် ထောက်ခံချက် မလိုအပ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

No comments:

Post a Comment

Note: Only a member of this blog may post a comment.