Monday, June 17, 2013

ထူးခြားကြန်အင်လက္ခဏာ

(Credit- Moe Zay Nyein )
--------------------------

ဖေ့စ်ဘုတ်ပေါ်မှ အမျိုးနှင့်ဇာတိကို အင်မတန်ချစ်မြတ်နိုးကြကုန်သော မြန်မာအချို့တို့၏ ထူးခြားသော ၀ိသေသများ -

(၁) သူတို့သည် ရခိုင်တိုင်းရင်းသားများကို အထူး/ပိုးစိုးပက်စက်ချစ်ကြပြီး ဘင်္ဂါလီများကို အသွေးထဲ ကရော အသားထဲကပါ မုန်းတီးကြ၏။

(၂) ရခိုင်တိုင်းရင်းသားများမှတပါး အခြားသော ကချင်စစ်ပြေးဒုက္ခသည်များ၊ လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ၊ လုပ်ခလစာပိုမိုရရှိရေးအတွက် သပိတ်မှောက်နေကြသော အလုပ်သမားများ စသည့်အခြားသူများကိုမူ မချစ်ကြပေ။

(၃) သူတို့သည် သမ္မတကြီးလည်း အဖေကဲ့သို့၊ ပထွေးကဲ့သို့ အလွန်တရာချစ်မြတ်နိုးကြပြီး သမ္မတကြီး ရုပ်ပုံ(သို့) လက်ရှိမြန်မာနိုင်ငံ အလံတော်ရုပ်ပုံများကိုလည်း အမြတ်တနိုးရှိကြသည်။ အခြားသူများ ကိုလည်း သမ္မတကြီးအား ချစ်ကြပါ၊ အလွန်တရာလေးစားကြပါ ဟု အထူးတလည် တိုက်တွန်းကြ၏။ သမ္မတကြီးသည် စတုတ္တမြန်မာနိုင်ငံတော်အား တည်ထောင်သူဖြစ်ဟု၍၄င်း၊ ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ဟူ၍၄င်း စသဖြင့် အားမနာလျှာမကျိုးဂုဏ်တင်ပြောဆိုကြ၏။

(၄) ယခုအချိန်တွင် ပြည်ပမှရန်သူများရှိနေသဖြင့် (၄င်းတို့၏အပြောအရ) တပ်မတော်ကို ပိုမို ချစ်မြတ်နိုးကြရန်၊ တပ်မတော်ကို လက်တွဲကြရန် အထူး(အထူး) လိုအပ်နေပြီဖြစ်ကြောင်းလည်း အကြိမ်ကြိမ်ပြောကြ၏။

(၅) ထိုသူတို့သည် ယခင် နအဖစစ်အစိုးရ၏ လက်ကိုင်တုတ်များကဲ့သို့ပင် ဒေါ်စု၊ NLD၊ ၈၈ မျိုး ဆက်နှင့် အခြားသော အတိုက်အခံများကို မုန်းတီးကြသလို BBC,VOA,RFA,DVB တို့ကိုလည်း အလိမ်အညာများသာ ဖြစ်ကြောင်း ပြောကြဆိုကြသည်ကိုတွေ့ရပါ၏။ နအဖ၏ ရန်သူများစာရင်းနှင့် အနှီပုဂ္ဂိုလ်များ၏ ရန်သူများ စာရင်းသည် အားလုံးနီးနီးတူညီကြောင်း တွေ့ရ၏။ လူ့အခွင့်အရေး ဟူသော စကားလုံးကိုလည်း နအဖကဲ့သို့ပင် မုန်းတီးကြောင်းတွေ့ရ၏။

(၆) တစ်ယောက်ယောက်က ၄င်း၏ ဖေ့စ်ဘုတ်တွင် သမ္မတကြီးကောင်းမွန်ကြောင်း၊ လေး စားကြောင်း၊ ဒေါ်စုနှင့် အခြားသူများ မကောင်းကြောင်း Post တင်သည်နှင့် ၄င်းတို့၏ အထူး မိတ်ဆွေ အချို့ကပါ တိုင်မင်ကိုက်ထားသကဲ့သို့ အူယားဖားယားထောက်ခံကြကြောင်း တွေ့ရ၏။ အများအမြင်တွင် သူတို့ကိုထောက်ခံသူများကြောင်း သိကြ၊ မြင်ကြစေလိုဟန်ရှိ၏။