Sunday, April 11, 2010

သင်္ကြန်အကြောင်းသိကောင်းစရာ


ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။ မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။
သင်္ကြန်ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿ ၊ မေထုန် ၊ ကရကဋ် ၊ သိဟ် ၊ ကန် ၊ တူ ၊ဗြိစ္ဆာ၊ ဓနု ၊ မကာရ ၊ ကုမ်၊ ၊မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ နှစ်ဟောင်းမှ အညစ် ကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။ ဗေဒင်တွက်ရိုးကျမ်းများ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြ၏ ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။ သင်္ကြန်ပွဲသည် မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစတဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည်။ တန်ခူးလသည် အင်္ဂလိပ် ပြက္ခဒိန်မှ ဧပြီး (April) နှင့် တိုက်ဆိုင်သည်။ သင်္ကြန်ပွဲကို မြန်မာနှင့် ယဉ်ကျေးမှု့ချင်း ဆက်စပ်နေသော လော(La0s) နိုင်ငံ၊ ကမ္ဘောဒီယား Combodia) နိုင်ငံ၊ ထိုင်း (Thailand) တို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။ သို့ရာတွင် မြန်မာနှိင်ငံ၏ သင်္ကြန်ပွဲတော်သည် ရှေးအင်းဝခေတ်က ပင်လျှင် အင်္ဂလိပ် စသော တိုင်းတပါးသား တို့ကနှစ်သက်ဖွယ်ရာ မှတ်တမ်းတင်ခဲ့ကြသည်။
သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်းဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။ မြန်မာတို့ နှစ်သက်ကူးတွင် ရေပက်ဖျန်း ကစားကြသည်။ ယင်း ယဉ်ကျေးမှု ဓလေ့သည် တကောင်းခေတ်ကပင် ပေါ်ခဲ့သည်ဟု ဆိုရပါမည်။ ပုဂံခေတ်၌ မြန်မာမင်းတို့သည် သကျသာကီဝင်မင်းတို့၏ ဓလေ့ထုံးစံ အတိုင်း ရေပက်ဖျန်းကစားလေ့ရှိကြသည်ကို တွေ့ရသည်။ မှန်နန်းရာဇ၀င် ၌ နရသီဟပတေ့ (ခေါ်) ပုဂံမင်းသည် နွေလအခါ ဧရာဝတီမြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်၍ နန်းတော်မှ မြစ်ဆိပ်အရောက် လူသူမမြင် သော တဲနန်းဥမင်ဖြင့် ကြွတော်မူ၍ မိဖုရားမောင်းမမိဿံ တို့နှင့်အတူ ရေဖျန်းသဘင် ဆင်ယင်ကျင်းပသည် ဟုရေးသားထားသည်ကို တွေ့ရပါသည်။ ရေပက်ဖျန်းခြင်း ဓလေ့ကို မည်သို့ အဓိပ္ပါယ်ဖွင့်၍ ယူကြစေကာမူ ယနေ့ မြန်မာတို့ကမူ နှစ်သစ်ကူးမင်္ဂလာ အချိန်တော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ကစား ကြခြင်းသည် -
  • ၁-အေးမြကြည်လင်ခြင်း
  • ၂-အညစ်အကြေးကိုဆေးကြောခြင်း
  • ၃-ရေကိုသား၍ အာကားမထင်ဘဲ ဆက်စပ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသော နေရနိမိတ် သုံးပါးကိုယူ၍ ရေပက်ဖြန်း ကစားလေ့ရှိကြသည်။
မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။ သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။ သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။ သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သက်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာ လေ့ရှိသည်ဟု ယုံကြည်ကြသည်။
ပွဲတော်ကျင်းပပုံ
မြန်မာလူမျိုးတို့သည် ရှေးအခါမှစ၍ သင်္ကြန်ပွဲတော်ကို ပြက္ခဒိန်အဖွဲ့ က သတ်မှတ်ပေးရက်အရ အကျရက်၊ အကြတ်ရက်၊ အတက်ရက်၊ (၃) ရက် ကျင်းပမြဲဖြစ်သည်။ သင်္ကြန်ပွဲတော်သည် သာကီဝင်မင်းတို့၏ ရေပက်ဖြန်း ကစားမှုဓလ့မှ လောကီဗေဒင်ကျမ်းလာအရ ပွဲတော်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာဝင် တို့ကမူ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို လူမျိုးတိုင်း မင်္ဂလာရှိစေချင်သည်။ မင်္ဂလာယူကြသည်။ မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ နှစ်သစ် တွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း၍ တင့်လန်းဝေဖြာစေရန် ဗုဒ္ဓတရားတော်အရ တကယ့်မင်္ဂလာအစစ်ဖြစ်စေသည့် ကုသိုလ်ရေးကိုရအောင်ယဉ်တွဲ၍ သင်္ကြန်ပွဲကို ဆင်နွဲကြသည်၊ ဖန်တီးတည်ဆောက်ကြသည်။ ယင်းအစီအစဉ်အရ သင်္ကြန်အခါတော်တွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များ ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်း၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တို့ကို တရော်ကင်းပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ တို့ကို ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရားတော် ပွါးများ ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်း အိုင် ချောင်း မြောင်းများမှ ငါးများကို ဖမ်း၍ဖြစ်စေ၊ အသတ်ခံရမည့်ဆဲဆဲ ငါးများကို ၀ယ်ယူ၍ဖြစ်စေ ရေများရာ ရေကန် ချောင်း စသည်တို၌ လွှတ်ပေးခြင်း၊ကျွဲ နွား စသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှု များစွာပြု၍ နှစ်သစ်ကူးရေကစား မှုကို ပြုလုပ်ကြသည်။ ရေးဘုရင်အဆက်ဆက်မှ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့သော သင်္ကြန်ပွဲတော်သည် ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပါသည်။ သို့သော်လည်း လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစားအားထုတ်ကြရမည်။ သင်္ကြန်စာ သင်္ကြန် မတိုင်မှီ ထွက်ပေါ်လေ့ရှိသည် တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင်ဆရာတော်အား ပြသပြီး ပညာရှိများ တွက်ချက်ယူဆပုံ နှင့် ကိုက်ညီ- မညီ ညှိနှိုင်းစီစစ်၍ တိုင်းပြည် သို့  ဖြန့်ချီသည်။ ဤ ဟောစာတမ်းကို သင်္ကြန်စာ ဟူ၍ ခေါ်ဝေါ်လေသည်။ ရှေးခေတ်မြန်မာဘုရင်များ လက်ထက်ကတည်းက ပင် သင်္ကြန်အခါတော်ကို နန်းတော်ရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။ ဘုရင့်နန်းတော်တွင် ဗေဒင် ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိတို့က မည်သည့်နှစ်တွင် ၀ါထပ်မည်၊ ၀ါကီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်သည်၊ မည်သည့် ဂြိုဟ် အကောက်သွားမည်၊ အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လှုပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည် စသည်တို့ကို နှစ်စဉ်တွက်ချက်၍ ဗေဒင်ဟောစတမ်း ရေးပြီး ဆက်သွင်းရသည်။ ယနေ့ခေတ်တွင်မူ နိုင်ငံတော်အစိုးရက ရှေးမြန်မာ ဧရာဇ်ဘုရင်များ လက်ထက် ရဟန်းပညာရှိ လူပညာရှိတို့ ညှိနိုင်းတွက်ချက်သောမှုသော မှုအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝေဒသုတေသီ အဖွဲ့မှ စီစဉ်တွက်ချက် ပြုစုထားသော ဟူသောခေါင်းစဉ်ဖြင့် ပါရှိသည်။ သင်္ကြန်စာအပြည့်စုံနမူနာ
ရင်းမြစ်။။သျှမ်းနီလူငယ်

0 comments: