Tuesday, August 31, 2010

သပိတ်မှောက်ပေမဲ့ လေ့လာဖို့လို

                                            NLD ပါတီ CEC ဦးဝင်းတင်  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို သပိတ်မှောက်ပေမဲ့ ရွေးကောက်ပွဲအခြအနေကို ဒေါ်အောင်ဆန်းစုကြည်ပြောသလို၊ စောင့်ကြည့်လေ့လာရမယ်လို့ပြောရခြင်း ဟာ ရွေးကောက်ပွဲမှာ မသမာမှု၊ မတရားမှု တွေရှိခဲ့ရင် ဒီအချက်တွေကို ပြည်တွင်း ပြည်ပ သိအောင် ဖေါ်ထုတ်နိုင်မှာမို့လို့ ဦးဝင်းတင် က ဘီဘီစီကို ရှင်းပြပါတယ်။ သပိတ်မှောက်ခြင်းဟာလဲ နှစ်မျိုးနှစ်စားရှိပုံ၊ ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးခံမယ့်သူ ရှိသလို မဲပေးမဲ့သူလဲရှိတဲ့အတွက်၊ ဒါကိုတားဆီးနိုင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သဘောသက် ရောက်တဲ့အကြာင်း၊ အဲဒီအတွက် ဒီရွေးကောက်ပွဲဟာ အထမမြောက်နိုင်တဲ့သဘောရှိတဲ့ အကြောင်း၊ ရွေးကောက်ပွဲမှာ လူ ၁ဝဝ မဲထည့်ရမယ့်အစား၊ တစ်ဦး နှစ်ဦးပဲ မဲထည့်ကြရင်၊ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အထမမြောက်တဲ့အတွက်၊ ဒီရွေးကောက်ပွဲအောင်မြင်တယ်လို့ ယူဆရင် ရူးနှမ်းရာရောက်လို့ နိုင်ငံတကာဖက်ကလဲ အရူးလုပ်ခံ၊ လိမ်လည်လှည့်ဖျားတာကို တော့ လက်ခံမှာမဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။ 
သတင်း။။ဘီဘီစီ

ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး လက်စွဲစာအုပ်

ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး လက်စွဲစာအုပ်

Monday, August 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၉)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)



၂၀၁၂ ခုနှစ် မေလ(၃၀)ရက်။
 မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉)နှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့မေလ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၃၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခံခဲ့ကြပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာအရေးယူ
 ဖြေရှင်းပေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေး
ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံးလုပ်ဆောင် အကောင်အထည်ဖော်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံ တိုင်းရင်းသားများ စုစုပေါင်း (၁၂၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ 
သတင်းမှတ်တမ်း ။ NLD(LA)Japan Branch

Sunday, August 29, 2010

ဘဘဦးတင်ဦး ဧရာဝတီတိုင်း ခရီးစဉ် စတင်


2010-08-28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုတိယဥက္ကဌ ဦးတင်ဦးဟာ ဧရာဝတီတိုင်း နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပုသိမ်မြို့ကို ရောက်ရှိနေ ပါတယ်။ နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း ဒါဟာ ဦးတင်ဦးအနေနဲ့ ပထမဦးဆုံး အကြိမ် နယ်လှည့်စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။

RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ရွှေဂုံတိုင်ဌာနချုပ်ရုံးသို့ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောက်ရှိလာစဉ်။ (Photo: RFA)
ဒီနေ့ နေ့လည်ပိုင်းမှာ ပုသိမ်မြို့ကို ရောက်ရှိလာတဲ့ ဦးတင်ဦးဟာ NLD အဖွဲ့ဝင်တွေ အပါအဝင် မြို့ခံ အယောက် ၂ ရာနီးပါးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ဝင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီး လိုက်နာ ဆောင်ရွက်သွားကြမယ် ဆိုတဲ့အကြောင်း ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီနေ့ ပုသိမ်မြို့မှာ ကျင်းပတဲ့ စည်းရုံးရေး ဆွေးနွေးပွဲမှာ NLD ပါတီရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြသလို၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း တိုင်ပင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေကိုလည်း သွားရောက်မှာဖြစ်ပြီး စုစုပေါင်း လေးရက် ကြာမြင့်မယ်လို့ ဦးတင်ဦးက ပြောပါတယ်။ သတင်း။။RFA

ရွေးကောက်ပွဲအတွက် တော်လှန်သူတို့ ကြွေးကြော်သံ

ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ထိုင်း-မြန်မာနယ်စပ်က ကရင်နီတပ်မတော်၏ အမာခံ တပ်စခန်းတခုဖြစ်သည့် ညာမိုတပ်စခန်းဆီကိုရာနှင့်ချီသည့် လူအုပ်စုက ရထားတွဲကြီးသဖွယ် စီတန်းလမ်းလျှောက် နေကြသည်။ ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်းသုံးထောင်ကျော်မြင့်သည့် နယ်စပ်တောင်တန်းပေါ်မှ ဖြတ်လျှောက် လာခဲ့သည့် ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းရှိရာ အနောက်ဖက်ကို တမင်လည်ပြန် ကြည့်လိုက်ပါက လွမ်းမောဖွယ်ကောင်းလှသည့် စိမ်းလန်းသည့် တောင်တန်းကြီးများရှိရာ ဌာနေဟောင်းကို မျက်စိတဆုံး မြင်တွေ့ နေရသည်။ karenni_land လမ်းလျှောက်သူများသည် ညာမိုတပ် စခန်းတွင် ပြုလုပ်မည့် ယခုလ ၉ ရက်နှင့် ၁၇ ရက်နေ့တွင် ပြုလုပ်မည့် ကရင်နီအမျိုး ခုခံတော်လှန်ရေးနေ့ နှင့် ၆၂ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် မမောနိုင်မပမ်းနိုင် လမ်းလျှောက် ချီတက်နေကြခြင်းဖြစ်သည်။ ဒေါင်းအလံ လွင့်ထူထားတဲ့ တပ်စခန်း ဆီသို့ အတန်ကြာလမ်းလျှောက်ကြပြီးနောက် ကရင်နီ ထိန်းချုပ်နယ်မြေအတွင်း ခြေချမိသည်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) စခန်းက ရဲဘော်များက ကျနော်တို့ကို ဆီးကြိုနေကြသည်။ ခွပ်ဒေါင်းအလံ လွှင့်ထူထားသည့် ကျောင်းသားတပ်မတော် တပ်ရင်း (၄) တွင် တာဝန်ကျ ရဲဘော်များက မောမောပန်းပန်းနှင့် ရောက်လာကြသည့် ကျနော်တို့ကို အနားယူဖို့ တပ်စခန်း တန်းလျားတခုတွင် ခေတ္တ အနားယူဖို့ ပြင်ဆင်ပေးသည်။ သို့သော် ကျန်ရှိသည့် အုပ်စုများက အခမ်းအနား ပြုလုပ်မည့် ကရင်နီ ဗဟို စစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီကို စိတ်အားထက်သန်စွာ မနားတမ်း ခရီးဆက်ကြသည်။ ကျောင်းသား တပ်စခန်းကို ရောက်တုန်းရောက်ခိုက် တပ်စခန်းကို ဦးစီးနေသည့်  ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းနှင့် သတင်းကိစ္စအတွက် စကားစမြည် ပြောဖြစ်ကြသည်။ absdfမကြာခင် စစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးဖြစ် ကြသည်။ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတချို့နှင့် အခြားနိုင်ငံရေးပါတီ စုစုပေါင်း ၄၇ ခုက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ သို့သော် နှစ်ပေါင်း ၂၀ ကျော်လာသည့်တိုင်၊ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်တိုက်ပွဲ ၀င်နေကြသည့် ABSDF အဖွဲ့ဝင်များအတွက်မူ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထူးထူးထွေထွေ ရိုက်ခတ်မှု ဖြစ်ပုံမပေါ်။ စစ်အစိုးရ တဖက်သတ် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ABSDF အဖွဲ့အနေဖြင့် လက်မခံသည့် အတွက် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အထူးတလည် ထည့်စဉ်းစားရန် မလိုအပ်ကြောင်း ဒု-တပ်ရင်းမှူး ကိုတင်မောင်ထွန်းက အခုလိုပြောဆိုလာသည်။ “၂၀၁၀ ရွေးကောက်ပွဲတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့သဘောထားဟာ အရင်ကတည်းက ရှိထားပြီးသားပါ။  ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်မခံတဲ့အတွက် ၂၀၁၀ ကို ထည့်စဉ်းစားစရာ မလိုပါဘူး။ ကျနော်တို့ ဒါကို လုံးဝ ကန့်ကွက်ရှုတ်ချရမှာပါ” ဟု ဆိုသည်။ ဆက်လက်ပြီး ကိုတင်မောင်ထွန်းက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သူစဉ်းစားမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို သူလည်း လက်ခံခဲ့တာ မဟုတ်ပါဘူး။ NLD အဖွဲ့တခုလုံး အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင် သပိတ်မှောက်ထားပါတယ်” ဟု ပြောဆိုသည်။ old_absdf2 ကိုတင်မောင်ထွန်းက သူနေထိုင်သည့် တဲပုတ်လေးထဲ ဆိုလာပြားမှ တဆင့်ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနေသည့် အိတ်ဆောင် ကွန်ပြူတာကို ထုတ်ကာ ယခင်ကျောင်းသားတော်လှန်ရေးပုံရိပ်များကို မီးမောင်းထိုးပြနေသည့် ဓာတ်ပုံများကို တခုပြီးတခု ပြကာ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်ပြနေသည်။ သူက ကျနော့်သတင်းအတွက် လိုအပ်မယ်လို့ ယူဆရသည့် ဓာတ်ပုံဟောင်းများနှင့် သတင်းအချက်အလက် များကိုလည်း သူက လိုလိုလားလားနှင့် ပေးခဲ့သည်။ ထို့အပြင် ၂၀၀၈ ခုနှစ်က တော်လှန်ရေးနယ်မြေထဲကို ရောက်ရှိလာသည့် ကိုဇော်မင်းထွန်းနှင့်လည်း တွေ့ဆုံ အင်တာဗျူးရန် ကိုတင်မောင်ထွန်းကပဲ စီစဉ်ပေးသည်။ k-armyကိုဇော်မင်းထွန်းက “ကျောင်းသား တော်လှန်ရေးမှာ ကျနော် ပြည်တွင်းမှာ နေကတည်းက ပါဝင်တာပါ။ ပြည်တွင်း မှာ နေရင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ စစ်ရေး နည်းလမ်း ဆိုတာ ရှိပါတယ်။ အဲ့ဒါကျနော်က စစ်ရေးနည်းလမ်းမှာ ပိုအားသာတဲ့အတွက် ဒီဘက်ကို ရောက်လာတာပါ” သူ့ခံယူချက်ကို ပြောပြသည်။ ၈လေးလုံး လူထုအုံကြွမှုအပြီး စတင် ထူးထောင်ခဲ့သည့် ABSDF တွင် ယခင်က တပ်အင်အား ထောင်နှင့်ချီ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တတိယနိုင်ငံများသို့ ထွက်ခွာ သွားသူ အရေအတွက်များလာသည့်အတွက် ယခုအခါတွင် အင်အားတဖြည်းဖြည်း လျော့နည်းလာသည်။ သို့သော် ယနေ့တိုင် ABSDF အဖွဲ့ကို ၀င်ရောက်လာသူများ ရှိနေသေးခြင်းဖြင့် ကျောင်းသားလက်နက်ကိုင် အဖွဲ့၏ တော်လှန်ရေးမှာ ဆက်လက်တည်ရှိနေသေးကြောင်း ထင်ရှားသည်။ သတင်းအတွက် တပ်ရင်း (၄) မှာပင် အနားယူရင်း အင်တာဗျူးများလုပ်ကာ ညနေစာကို ထိုစခန်းမှာပင် ၀ိုင်းဝန်းချက်ပြုတ်စားသောက်ကြပြီးနောက် ကရင်နီ ဗဟိုစစ်သင်တန်းကွင်းရှိရာ ညာမိုတပ်စခန်းဆီကို ခရီးဆက်ကြသည်။ လင်းယုန်ငှက်အလံ လွင့်နေတဲ့ စစ်သည်များ ဗဟိုစစ်ရေး လေ့ကျင့်ရေးကွင်းကိုရောက်သွားချိန်တွင် အနီရောင်ပေါ်တွင် အနက်ရောင် လင်းယုန်ငှက် အမှတ် တံဆိပ် ရှိသည့် အလံသုံးခုကို ကိုင်ဆောင်လာသည့် အလံကိုင် စစ်သည် သုံးဦး နောက်က စစ်သည် ၄၀ ကျော် ချီတက်လာနေသည်ကို အဝေးကနေ မြင်နေရသည်။ စိုစွတ်ထိုင်းမှိုင်းသည့် ရာသီဥတုနှင့် တောင်ကုန်းတောင်တန်း ရွှံ့ပွက်ကြားမှပင် လာရောက် အားပေးကြည့်ရှု နေသည့် ပရိတ်သတ်မှာ ၂၀၀၀ ကျော်ရှိသည်။ ၂၀၁၀ ခုနှစ် ကရင်နီတပ်မတော်သင်တန်း အပတ်စဉ် (၅၇) မှာ ကရင်နီတပ်သားသစ် ၄၀ ကျော် မွေးထုတ် ပေးလိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် စစ်သမီးအချို့ကိုလည်း တွေ့ရှိလိုက်ရသည်။ နေ့ထူးနေ့မြတ် အခမ်းအနားက မျှော်လင့်ထားသည်ထက် စည်ကားနေသည်။ မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ခုခံတော်လှန် တိုက်ခိုက်နေကြသည့် ကရင်နီတပ်မတော် အနေနှင့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြောင်း ပြောဆိုနေကြသည်။ နိုဝင်ဘာ (၇) ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှမှုမရှိသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဆန့်ကျင်တိုက်ခိုက်သွားမည်ဟုလည်း သြဂုတ်လ ၉ ရက်နေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး (၁) ခူဦးရယ်က ယခုလို အခိုင်အမာ ထုတ်ဖော် ပြောဆို ခဲ့သည်။ “ဒီမိုကရေစီကို ရှေးရှုတဲ့ အခြေခံဥပဒေ ပုဒ်မတွေ တခုမှ ပြဌာန်းတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ပြီးတော့ ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက လူထုဆန္ဒကို တကယ်ပဲ လွတ်လွတ်လပ်လပ် သူတို့ ရယူပြီးတော့ အတည်ပြု ခဲ့တာ မဟုတ်ပါဘူး” ဟု ဆိုသည်။ သူက “အခြေခံဥပဒေကို ကျနော်တို့ လက်မခံတာနဲ့ တကြိမ်ထဲမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ် ဆိုရင် လည်းပဲ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာထွက်လာ ကျနော်တို့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘူး ဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကိုလည်း ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်း အသွယ်သွယ်ကနေပြီးတော့ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်” ဟု ပြောဆိုခဲ့သည်။ အလားတူ ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးကလည်း လာမည့် ရွေးကောက်ပွဲသည် ပြည်သူများအတွက် အကျိုးမရှိဘဲ၊ စစ်တပ်အာဏာခိုင်မြဲရန် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုလ ၁၇ ရက်တွင် ပြုလုပ်သည့် ကရင်နီတပ်မတော်နေ့တွင် သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုလို မှတ်ချက် ပေး ပြောဆိုခဲ့သည်။ “ရွေးကောက်ပွဲက နောက်တပိုင်းပဲ။ ကျနော် သိပ်ပြောစရာ များများစားစား မလိုဘူး။ ပြည်သူအကျိုးတွက်လည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ စစ်အုပ်စုတွေ အာဏာတည်မြဲရေးအတွက်ပဲ သူတို့ လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လဲဆို ၂၀၀၈ အခြေခံဥပဒေ အတည်ပြုတဲ့အချိန်မှာ ကျနော် ပြည်တွင်းမှာ ရှိတယ်။ ပြည်သူဆီမှာ ဓားပြတိုက်ပြီးတော့ ယူခဲ့တဲ့ မဲတွေပဲဖြစ်တယ် ဆိုတာ ကျနော်ယုံကြည်တယ်။ ကျနော် ပြည်သူကြားမှာနေလို့ ကျနော် ပြောတာနော်” ဟု ပြောဆိုခဲ့သည်။ လာမည့် ရွေးကောက်ပွဲနဲ့ စာအုပ်စိမ်း ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု စစ်အစိုးရက ယခု သြဂုတ်လ ၁၃ ရက်နေ့တွင် တရားဝင် ကြေညာထားပြီးဖြစ်သည်။ နေအိမ် အကျယ်ချုပ်ကျခံနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ရက်သတ္တပတ် မတိုင်ခင်တွင် ရွေးကောက်ပွဲရက်ကို ရွေးချယ်သတ်မှတ်လိုက်ခြင်းဖြစ်သည်ကိုမူ လူအများက နားလည်သဘောပေါက်ထားကြသည်။ 2008_constitution နိုင်ငံတကာအနေဖြင့် လာမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရခဲ့သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိစေရန် စစ်အစိုးရကို တိုက်တွန်းပြောဆို နေသည်။ တချိန်ထဲမှာပင် NLD က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေး ရွေးကောက်ပွဲ ဥပဒေ ပြဌာန်းချက်အပေါ် တားမြစ်ထားသည့်အပေါ် အဖွဲ့ချုပ်က ဆန္ဒပြ သပိတ်မှောက် ထားသည်။ ဗိုလ်ချုပ်ဘီထူးက အတိုက်ခံ နိုင်ငံရေးသမားများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲထက် အခြေခံဥပဒေကို ပြန်လှည် ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်းကို သုံးသပ်ပြောဆိုခဲ့သည်။ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ လမ်းပြမြေပုံ၏ ၂၀၀၈ ခု အခြေခံဥပဒေတွင် လွတ်တော် ၂၅ ရာခိုင်နှုန်းကို စစ်တပ်အား အလိုအလျောက် ပေးထားပြီးဖြစ်သည့်အပြင်၊ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက် လိုပါက လွှတ်တော် ၇၅ ရာခိုင်နှုန်း အတည်ပြုမှသာလျှင် ပြင်ဆင်ခွင့်ရှိကြောင်း ရေးဆွဲပြဌာန်းထားသည့်အပေါ် ဗိုလ်ချုပ်ဘီထူးက ထောက်ပြပြောဆိုခဲ့သည်။ စစ်အစိုးရသည် အဖက်ဖက်က မည်သည့် ဝေဖန်ရှုတ်ချမှုနဲ့ ဖိအားပေးမှုများကို ဂရုစိုက်ခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးတွင် အတိုက်အခံ အဖွဲ့များကို ဖယ်ရှားပစ်ရန် ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း စနစ်တကျ ဖိနိပ်ထားပြီး လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း မိမိတို့ အလိုကျအတိုင်း ဖြစ်လာစေရန် အစီအစဉ်တကျ ပြင်ဆင်ထားသည်။ အတိုက်ခံ နိုင်ငံရေး အင်အားစုများ နှင့် လက်နက်ကိုင် အင်အားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲကို ဆန္ဒပြ ဆန့်ကျင်သွားရန် အစီစဉ်များရှိနေကြသည်။ တဖက်တွင်လည်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မဲဆွယ် စည်းရုံးမှုများကို အနီးကပ်စောင့်ကြည့်လေ့လာမှုများရှိသလို၊ တားဆီးပိတ်ပင်မှုများ ရှိနေသည်။ သို့သော် နိုင်ငံတ၀ှမ်း ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် စစ်တပ်ကျောထောက်နောက်ခံ ပါတီတခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် နည်းမျိုးစုံဖြင့် ဒေသခံပြည်သူများကို မက်လုံးပေးကာ လွတ်လပ်စွာ စည်းရုံးလုပ်ဆောင်ခွင့်ရရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲအပြီး တက်လာမည့် စစ်အစိုးရအလိုတော်ရိ အုပ်ချုပ်သူများနှင့် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများကြား တင်းမာမှုများ မည်သည့် အတိုင်းအတာ အထိ ရှိလာမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Saturday, August 28, 2010

မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား

သတင်း - နိရဉ္စရာ သတင်းဌာန
အရှင်ပညာစာရ ဦးစီးတည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာ ပရဟိတကျောင်းမှ အာဏာပိုင်များ၏ ခေါ်ဆောင် သွားခြင်းကို ခံရသူ အမျိုးသမီးငယ် ၃ ဦးကို ယခုအချိန်ထိ မိဘများလက်သို့ လွဲပြောင်းပေးအပ်ခြင်း မရှိဘဲ ဆက်လက်ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးငယ် ၃ ဦးမှာ မဖြူဖြူဝင်း (၁၈ နှစ်)၊ မအေးသိန်းခိုင် ( ၁၆ နှစ်)နှင့် မသန်းနွယ် (၁၆ နှစ်) တို့ ဖြစ်ကြသည်။

“သူတို့က ကျောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ခေါ်ထုတ်သွားပြီး ပထမ သူတို့ကို အမှတ် ၁ ရဲစခန်းမှာ ထားပါတယ်။ အခု သူတို့ကို ရူပတောင် ဦးအောင်စိုးသာ ဗွီဒီယိုရုံနားက ရဲလိုင်း တန်းမှာ ပြောင်းရွှေ့ထားပါတယ်။ မိသားစုတွေ သွားတွေ့လို့ ရပေမယ့် အပြင်ကို ခေါ်ခွင့် မပြုဘဲ တားမြစ်ထား ပါတယ်” ဟု သူမတို့၏ ဆွေမျိုး တဦးက ပြောသည်။

မဖြူဖြူဝင်းမှာ ဦးစိန်ရွှေအောင် သမီး ဖြစ်ပြီး ၁၀ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ နေရပ် ဇာတိမှာ မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာ ဖြစ်ကြောင်း သိရသည်။

မအေးသိန်းခိုင်မှာ ဦးအောင်ကျော်သောင်း သမီး ဖြစ်ပြီး ၉ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ ဇာတိမှာ ကျောက်တော်မြို့နယ် အုန်းပတီးကျေးရွာ ဖြစ်သည်။

မသန်းနွယ်မှာမူ ၉ တန်းကျောင်းသူ ဖြစ်ပြီး ငယ်ငယ်ကတည်းက မိဘ မရှိဘဲ ဆရာတော်ကျောင်းကို ရောက်ရှိ လာသူ ဖြစ်သဖြင့် နေရပ်လိပ်စာ မရှိကြောင်း သိရသည်။

“သူတို့ကို ဘာကြောင့် ထိန်းသိမ်းထားသလဲ ဆိုတာတော့ တိတိကျကျ မသိရဘူး။ သက်ဆိုင်ရာ မိဘတွေက လာခေါ်ပေမယ့် ရဲက ပေးမပြန်ဘူး။ ဒါကြောင့် သူတို့က ကျောင်းမတက်ရဘဲ ရဲစခန်းက လိုင်းတန်းမှာ နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

ဆရာတော် အရှင်ပညာစာရ ကျောင်းတွင် မိဘမဲ့ ကလေးများအပြင် ဆင်းရဲနွမ်းပါးသဖြင့် ပညာ မသင်နိုင်သူ ကလေး ၁၂၀ ကျော် ရှိပြီး အများစု အသက်အရွယ် ငယ်ရွယ်သူ ကလေးငယ်များကို ဗမာပြည်သို့ အာဏာပိုင် များက ပို့ဆောင်လိုက်သည်။

စစ်တွေတွင် ကျန်ရှိနေသူ အဆိုပါ အမျိုးသမီးငယ် ၃ ဦးအား ယခုအချိန်ထိ မိဘများထံ လွဲပြောင်းပေးအပ်ခြင်း မရှိသေးဘဲ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသဖြင့် သူမတို့၏ အနာဂတ်အရေးအတွက် မိသားစုများက စိုးရိမ် နေကြသည်ဟု သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့နေကြီး ဦးဥာဏ်ဝင်းသို့မှာကြားချက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့နေကြီး ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်

။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီး
လှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။
။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။
။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူး... အဲ့ဒါကိုကန့်ကွက်တယ်။

။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်က
မလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။
။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။

ပေးပို့လာသူ မြတ်လေးငုံ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော် ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက် ရှိသည်။


လက်ရှိရာထူး ယခင်ရာထူး
ကြည်းရေလေညှိနှိုင်းရေးမှူး ကစထမှူး(၂) ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံး နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်
စစ်ရာထူးခန့်ချုပ် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်း တပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁) အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃) တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄) အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ
 

Friday, August 27, 2010

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ်

၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် အညီ မအုပ်ချုပ် သော မင်းကိုလည်း အပြစ်ဒဏ် ပေးရမည် ။ ထို့အပြင်မင်းကဲ့သို့ မကျင့် ၊ ဓားပြကဲ့သို့ ကျင့်သော မင်းအားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ ။”ဇာတက ထဲတွင်လည်း အပြစ်မရှိသည့် တိုင်းသူပြည်သားများကိုသာအပြစ်ဒဏ်ပေး ပြီး တကယ့် လက်သည် တရားခံကိုဖြင့် အပြစ်မပေးဘဲထားသည့်မင်းသည် တိုင်းပြည် အုပ် ချုပ်ဖို့ မသင့်သည့် မင်းဖြစ်ကြောင်း ဖော်ပြထားပါသည် ။ မင်းတို့မည်သည် မိမိကိုယ်ကို တိုးတက်မှုရှိအောင် မိမိ၏ အပြုအမူ အပြောအဆို
ို မိမိဘာသာ အမြဲတမ်း စိစစ်မှု ရှိရမည် ။ ပြည်သူလူထု၏ ထင်မြင်ချက်များကိုသိနေအောင် အမြဲ စနည်းနာရမည် ။ မိမိသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှား အယွင်း တစ်စုံတစ်ရာ ပြုမိခြင်း ရှိမရှိကို အကဲခတ်နေရမည် ။အကယ်၍ မိမိသည် တရားသဖြင့် မအုပ်ချုပ်သောကြောင့် အမှားအယွင်းတစ်စုံတစ်ရာ ပြုမိခဲ့ပြီဟု သိမြင်လာသောအခါမှာလည်း ပြည်သူလူထုက မတရားသောမင်း၏ အုပ်ချုပ်မှု ကြောင့် ငါတို့ ပျက်စီးရပြီဟု ပြစ်တင် ဝေဖန်လာကြလိမ့်မည် ။
ကောက်ကျစ်စဉ်းလဲသော မင်း သည် မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း ၊ မတရားသဖြင့် အခွန်အတုတ် ကောက်ခံခြင်း ၊ အခြားသော နည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ၊အဂတိအမျိုးမျိုး လိုက်စားခြင်းကြောင့် ပြည်သူ များက ထိုမင်းအား တစ်နည်း မဟုတ်တစ်နည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မည် ။ တစ်နည်းဆို သော် မင်းသည် တရားသဖြင့်အုပ်ချုပ်သောအခါ ပြည်သူလူထုက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု ဆုမွန်ကောင်းများ တောင်းကြလိမ့်မည် ။ (မဇ္ဈနိမနိကာယ် ) မြတ်စွာဘုရားသည် အုပ်စိုးသူ အစိုးရမင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေး ဟောကြားတော်မူပါသည် ။ အကျင့်သီလကောင်းမွန်ပြီး ပြည်သူလူထုကအပ်နှင်း ထားသည့် အချုပ်အခြာ အာဏာကို ပြည်သူလူထု ဘ၀ သက်သာ ချောင်ချိရေး ၊တိုးတက် ကြီးပွားစေရေးအတွက် အသုံးပြုရေး ဟောကြားချက်များက အာသောကဧကရာဇ် ဘုရင်ကြီးကို ဘီစီ ၃၀၀ ခန့်ကွန်အားပေးအားမြှောက် ပြုခဲ့ပါသည် ။ဤတရားများနှင့် အညီ အုပ်စိုးတော်မူခဲ့သည့်အတွက် အာသောကမင်းကြီး၏ ဂုဏ်သတင်းသည် လူ့သမိုင်းတွင် ထွန်းပခဲ့ပါသည် ။ အာသောကမင်းကြီးသည်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဓမ္မများ နှင့်အညီ မင်းပြုတော်မူခဲ့ပါသည် ။ သူ၏အိမ်နီးချင်း တိုင်းပြည်များအပေါ် နယ်ချဲ့လိုခြင်း သဘောထားကို ကြေငြာတော်မူခဲ့သည် ။ထိုအကြောင်းကိုလည်း အခြားသော ပြည်ထောင် မင်းများထံ တမန်စေပြီး
သိကြားစေတော်မူသည် ။တစ်ပါးသောမင်းများအပေါ် သူထားရှိသည့် ချစ်ကြည်ရေး သဘောထားကိုယုံ ကြည်စိတ်ချရအောင် အခိုင်အမာ ပြုခဲ့ပါသည် ။ သူ့လက်ထက်တွင်ရိုးသားဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း ၊ ကရုဏာထားခြင်း ၊ ကြင်နာသနားပြီးကြမ်းမဖက်ခြင်း ၊သတ္တ၀ါအားလုံးအပေါ်ာက်ထားညှာတာသောစိတ် ရှိခြင်း ၊အသုံးအဖြုန်း မကြီးခြင်း ၊ သိမ်းပိုက်မှု မပြုခြင်း ၊ တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း မပြုရေး ဆိုသည့် အားရှိသော တရားများ နှင့်အညီ အုပ်ချုပ်မင်းလုပ်တော် မူခဲ့ပါသည် ။ မင်းကြီးသည် ဘာသာရေး လွတ်လပ်စွာကွယ်ခွင့်ကိုလည်း အားပေး ခွင့်ပြုခဲ့သည် ။ မတူသော ဘာသာဝင် အချင်းချင်း လေးလေး စားစားဆက်ဆံရေး ကိုလည်း အားပေးတော်မူသည် ။
ကျေးလက်ဒေသနေပြည်သူလူထုအများ ရှိရာ အရပ်သို့လည်း မကြာခဏ ကိုယ်တော်တိုင် သွားရောက်ပြီး

တရား ဓမ္မများကို ဟောကြားဆုံးမတော်မူသည် ။ ပြည်သူ့ သက်သာချောင်ချိရေး ၊

ကျန်းမာရေး ၊ ပညာရေး စသည့် လုပ်ငန်းများကိုလည်း ကိုယ်တိုင် ကြီးကြပ်ပြီး

တည်ထောင်သည် ။ ဆေးရုံများ တည်ဆောက်သည် ။ လူများအတွက်ရော ၊

တိရစ္ဆာန်များအတွက်ပါ ဆေးရုံ ဆေးခန်းများကို ထူထောင်သည် ။ ဆေးများကို

ဝေငှသည် ။ လမ်းဘေး အရိပ်ရ သစ်ပင်များကို စိုက်ပျိုးစေသည် ။ ရေတွင်း

ရေကန်များကို တူးဖော်စေသည် ။ ရေအိုးစင်များ ၊ ဇရပ်များကို လည်း တည်ဆောက်ပြီး

လှူဒါန်းခဲ့သည် ။ အထူးသဖြင့် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုကို

တားမြစ်တော်မူခဲ့သည် ။

တစ်ခါတစ်ရံ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို လူမှုပြုပြင် ပြောင်းလဲရေးသမားကြီး

အဖြစ် လည်း ဖော်ပြ ပြောဆိုတတ်ကြသည် ။ တခြားသော လူမှုပြုပြင် ပြောင်းလဲမှု

အလုပ်များအနက် အထူးသဖြင့် အိန္ဒိယပြည်တွင် အရိုးစွဲနေသော ဇာတ်စနစ်ကို ဗုဒ္ဓက

ရှုတ်ချ ပြစ်တင်တော်မူ သည် ။ လူ အချင်းချင်း တန်းတူညီမျှထားရေး

သဘောထားအမြင်ကို အသိအမှတ်ပြုတော်မူ သည် ။ လူမှု စီးပွား

တိုးတက်ကြီးပွားရေးကို ဆောင်ရွက်ရန်လည်း အရေးထား ဟောကြားတော်မူပါသည် ။

ဥစ္စာဓနများကို အညီအမျှ ဖြန့်ဝေ ခံစားရရေးကို အရေးတကြီးထားပြီး ဆင်းရဲ ချမ်းသာ

အလွန်အမင်း မကွာခြားရေးကိုလည်း ဟောကြား ဆုံးမ တော်မူပါသည် ။

အမျိုးသမီးများ၏ လူမှု ဘ၀ အဆင့်အတန်းကိုလည်း မြှင့်တင်တော် မူပါသည် ။ အုပ်စိုးသူ

အစိုးရ၏ လုပ်ငန်းထဲတွင် လူသားချင်း စာနာသည့် လုပ်ငန်းတွေကိုလည်း ပူးတွဲ

လုပ်ဆောင်ရန် ထောက်ခံပြီး ပြညွှန်တော်မူသည် ။ နောက်ပြီး လူ့ အဖွဲ့အစည်းကို

အုပ်ချုပ်ရာတွင် လောဘ တဏှာ ဦးစီးပြီး မလုပ်ကြရန် မေတ္တာ ကရုဏာနှင့်

စာနာထောက်ထားစိတ် ဖြင့်သာ အုပ်ချုပ်ကြဖို့ကိုလည်း တိုက်တွန်း ဆုံးမတော်မူပါသည် ။

ထိုအရေးကိစ္စများထက် ပိုပြီး လူသားများအတွက် မြတ်စွာဘုရား ပြုခဲ့သည့်

အကျိုးပြု လုပ်ငန်းကြီး တစ်ခုရှိ၏ ။ ထိုအလုပ်မျိုးကို ဗုဒ္ဓ မတိုင်မီကလည်း ဘယ်သူမှ

လုပ်ရ ကောင်းမှန်း မသိသည့် ကိစ္စ ဖြစ်၏ ။ မြတ်ဗုဒ္ဓသည် လူသားတို့၏ စိတ်နှလုံးထဲတွင်

နက်နက် ရှိုင်းရှိုင်း အမြစ်စွဲနေသည့် မကောင်းမှု သဘောထားတွေကို ပြုပြင်

ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့ပါသည် ။ ပြုပြင် ပြောင်းလဲရေးကို အပြင်ပန်း

ဗဟိဒ္ဓအားဖြင့် လုပ်တာက ရေတိုပဲ ရ၏ ။ တကယ်တမ်း ပြုပြင် ပြောင်းလဲရေး

လုပ်ချင်လျှင် စိတ်ပြောင်း တော်လှန်ရေးလုပ်မှ ဖြစ် ၏ ဆိုသည်ကို ထုတ်ဖော်

ဟောကြားတော် မူခဲ့ပါသည် ။

အင်အားကို အသုံးပြုပြီး လုပ်သည့် ပြုပြင် ပြောင်းလဲရေးသည် ခဏပဲခံမည်

ဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် ထို ပြုပြင် ပြောင်းလဲရာတွင် စွဲစရာ အမြစ် မပါပေ ။

အကိုင်းအခက်တွေက ဘေးပြင်ဘက်ကို ဖြာထွက်နေကြပါ၏ ။ ဘ၀င်စိတ် ဆိုသည့်

မကုန်ခန်း နိုင်သည့် ရင်းမြစ်တွေဆီက အဆီသြဇာဓာတ်ကို ရနေလို့ ဖြစ်၏ ။

တကယ်တမ်း ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ကတော့ ပြုပြင် ပြောင်းလဲ လိုသည့်စိတ်

အဆင်သင့် ဖြစ်နေမှသာလျှင် ဖြစ်နိုင်ပါသည် ။ လူတွေသည် မိမိကိုယ်တိုင်

အမှန်တရားကို ချစ်မြတ်နိုးမှု လူ အချင်းချင်း တရားမျှတစေလိုမှု ဆိုသည့်

တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည် ရှင်သန်နေကြမှာပဲ ဖြစ်သည် ။

မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားသည် နိုင်ငံရေး ဒဿနကို

အခြေခံ ပြီး ဟောတာ မဟုတ်ပေ ။ နောက်ပြီး ထိုတရားများသည် လူတွေအတွက်

လောကီ စည်းစိမ် ချမ်းသာတွေ ရဖို့ကို အခြေခံ ဟောကြားတာလည်း မဟုတ်ချေ ။

နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်သန်ပြီး ဟောကြားတာတွေချည်း ဖြစ်၏ ။ တစ်နည်းဆိုသော်

နောက်ဆုံးပိတ် ရည်မှန်းချက်ကတော့ တဏှာကိုသေအောင်သတ်ဖို့ပင် ဖြစ်သည် ။

တဏှာက လူသားများကို လောကထောင်ထဲတွင် ချုပ်နှောင် အကျဉ်းချထားတာ

ဖြစ်သည် ။ ဓမ္မပဒထဲတွင်ပါသည့် ပါဠိစာပိုဒ်တစ်ခုသည် ထိုအချက်ကို ပေါ်လွင်

ထင်ရှားစေပါသည် ။ လောကီချမ်းသာရကြောင်းက တစ်လမ်း ၊ ဘာသာရေး ဘ၀ကို

ထူထောင်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရား တစ်လမ်း ဖြစ်၏ ။ သို့သော် လည်း

ထိုစကားသည် ဗုဒ္ဓဘာသာဝင်တွေ၏ နိုင်ငံရေးနှင့်ဘာမှ မပတ်သက်ကြဘူးဆိုသည့်

အနက်အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပေ ။ လူ့အဖွဲ့အစည်းထဲက လူတွေ၏ဘ၀ကို

တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ပုံဖော်ယူကြရတာ ဖြစ်၏ ။ စီးပွားရေး

အစီအမံတွေကိုလည်း နိုင်ငံတစ်နိုင်ငံ အတွင်းမှာပဲ လုပ်ခွင့်ရကြတာ ဖြစ်၏ ။

ထိုအရာတွေကို ဒီနိုင်ငံတွင်းက နိုင်ငံရေးက သြဇာသက်ရောက်ပါသည် ။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်တွေ လည်း နိုင်ငံရေးတွင် ပါဝင်လိုကြသည် ။

သို့သော်လည်း နိုင်ငံရေး အာဏာရဖို့ ဘာသာရေးကိုတော့ ခုတုံး မလုပ်သင့်ချေ ။

နှစ်ရှည်မတရားထောင်ချခံထားရသော ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ မနီလာသိန်း ရဲ့သမီးလေး တို့အတွက်ဂုဏ်ပြုခြင်း။

Thursday, August 26, 2010

နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူ ညီအကိုမောင်နှမများအားလုံးသို့ ပန်ကြားချက်

နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူ ညီအကိုမောင်နှမများအားလုံးသို့ ပန်ကြားချက် Globa Action Campaign to BOYCOTT SPDC's Nov 7 Sham Elections 
  နအဖစစ်အုပ်စုရဲ့ ၂ဝဝ၈ ညောင်နှစ်ပင်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဆွေစဉ်မျိုးဆက်ဆက်ခံသွားနိုင်ဖို့ အကွက်ချထားတဲ့ ဥပဒေဖြစ်တယ်။ ပြည်သူလူထုကိုယ်စားလှယ်တွေက လူထုအကျိုးစီးပွားအတွက် ရေးသားထားတဲ့ဥပဒေ မဟုတ်ဘူး။ နအဖစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲတခုကို နိုင်ငံတကာစံချိန်၊ စံနှုန်းနဲ့အညီ တာဝန်ယူကျင်းပပြုလုပ်နိုင်လောက်အောင်ဂုဏ်သိက္ခာရှိ တဲ့သူတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူး။ နအဖခိုင်းသမျှ လုပ်ပေးနေရတဲ့ အရေခြုံကော်မရှင်ဘဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုရဲ့ ကြံ့ဖွတ်ပါတီဆိုတာဟာ ပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ဖို့ ပြည်သူလူထုက ယုံကြည်ကိုးစား တဲ့သူတွေပါဝင်ထားတဲ့ အဖွဲ့အစည်းတခုမဟုတ်ပါဘူး၊ စစ်ယူနီဖောင်းချွတ်ဟန်ပြထားတဲ့ အာဏာရူးစစ်အုပ်စုအသိုင်းအဝိုင်းက ဂုတ်ပေါ်ခွထိုင်ထားပြီး ရာသက်ပန်အတ္တကိုယ်ကျိုးစီးပွားတခုတည်း ဖော်ဆောင်ဖို့စိုင်းပြင်းနေတဲ့ လူလိမ်လူကောက် လူသတ်သမား၊ အကြမ်းဖက်သမားတွေရဲ့ ပါတီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့နအဖစစ်အုပ်စုရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲဆိုတာ အကြမ်းဖက်လူသတ်သမား စစ်အုပ်စုကို တရားမဝင် အာဏာသိမ်းစစိအစိုးရ အဖြစ်က ရွေးချယ် တင်မြှောက်ခံ တရားဝင်စစ်အစိုးရဖြစ်ဖို့ အကွက်ချထားတဲ့ အတုအယောင်ရွေးကောက်ပွဲပဲဖြစ်တယ်ဆိုတာ ဘာမှ သံသယဖြစ်စရာမလိုဘူး။ နအဖပေးမှ ဒီမိုကရေစီဆိုတာရနိုင်မှာမို့ နအဖပေးသလောက်နဲ့ ယူကြစို့ဆိုတဲ့ အယူအဆသမားတွေ ရွေးကောက်ပွဲနီးလာလေ အသက်ရှုကြပ်လေဖြစ်နေပြီဆိုတာ ကိုလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ ရွေးကောက်ပွဲမစခင်ကတည်းက နအဖထားရာနေ စေရာသွား ခိုင်းတာလုပ်နေရတဲ့ အတိုက်အခံပါတီကိုယ်စားလှယ်တွေဟာ ရွေး ကောက်ပွဲပြီးသွားတဲ့အချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်လို့ ဘုရားစူး သက်သေပြနိုင်ဖို့ ရုပ်ပြကောင်အဆင့်နဲ့ပဲ ဇာတ်သိမ်းသွားမှာပဲဆိုတာကိုလည်း မြင်နေရပါတယ်။ ဒါကြောင့်မို့ နအဖစစ်အုပ်စုရဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး၊ ဘယ်လိုအကြောင်းနဲ့မှ အသိအမှတ်မပြုနိုင်ဘူး၊ ကြံ့ဖွတ်ပါတီ ကို ဘယ်လိုမှ မဲမပေးဘူး။ နအဖစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကမ္ဘာအနှံ့ ဆန့်ကျင်ကန့်ကွက်ပွဲတွေဖော်ထုတ်ကြပါစို့-။  
လျာထားသတ်မှတ်ရက်- ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။ (နအဖ အာဏာသိမ်းနှစ်ပါတ်လည်နေ့)  
ခေါင်းစီး- Boycott to Burma spdc's sham elections,  
လှုပ်ရှားမှုအသွင်သဏ္ဍန်- စီတန်းလှည့်လည်ဆန္ဒပြပွဲ၊ သရုပ်ပြပွဲ၊ ဆွေးနွေးပွဲ  

(မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် အဆင်ပြေနိုင်သည့် လှုပ်ရှားမှုမျိုးကို ပြုလုပ်ရန်ဖြစ်ပါသည်၊ ဥပမာ
ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဆောက်အဦးရှေ့နှင့် လူစည်ကားရာအရပ်များကို ဖြတ်သန်း၍ စီတန်းလှည့်လည်ခြင်း၊ ဂျပန်ပြည်သူလူထုမှ
ဂျပန်အစိုးရအား နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်လှုံ့ဆော်တောင်းဆိုသည် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဂျပန်နိုင်
ငံရောက်မြန်မာနိုင်ငံသားများမှ မိမိတို့၏ အမည်၊ ဓာတ်ပုံ၊ နေရပ်လိပ်စာ တို့ကို ဖော်ပြလက်မှတ်ထိုးထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို
အသိမပြုရန်တောင်းဆိုသည့်စာများကို ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ တရုပ်၊ရုရှား၊ အိန္ဒိယ၊
တောင်အာဖရိက သို့ ပေးပို့ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။)  
 

အမိမြန်မာနိုင်ငံ၏ အရေးကိစ္စနှင့်ပါတ်သက်၍ စုစည်းညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကြမည့်အဖွဲ့အစည်းများ အနေနဲ့ အမည်စာရင်းနဲ့ဆက်သွယ်ရန် မေးလ် တို့ကို ပေးပို့ကြပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါသည်။ ဆက်သွယ်ရန်- thanswe@gmail.com, lwinaungsoe@gmail.com သဘောတူညီချက်ရထားပြီးဖြစ်သည့် ဂျပန်နိုင်ငံရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်လိပ်စာတို့ကို စာမျက်နှာ (၂) တွင် ဖော်ပြထား ပါသည် ထပ်မံပါဝင်လာသည့် အဖွဲ့အစည်းများနှင့် နိုင်ငံများကို ချက်ခြင်း updateလုပ်၍ဖော်ပြမည်ဖြစ်ပါသည်။ (၁)ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
Participating Parties
1. Arakan League for Democracy (ALD Exile-JP)
2. Burma Democratic Action Group (BDA Group)
3. Chin National Community (CNC-Japan)
4. Democratic Federation of Burma (DFB)
5. Kachin National Organization, Japan (KNO-JP)
6. Kachin State National Congress for Democracy (Liberated Area-Japan)
(KNCD (LA-JP)
7. Karen National League (KNL-JP)
8. Karen National Union – Japan (KNU-JP)
9. Naga National Society (NNS)
10. National Democratic Front (Burma) (NDF (B) Representative for Japan
11. Palaun National Society (PNS)
12. Punnyagari Mon National Society (PMNS)
13. Shan Nationalities for Democracy - Japan (SND-JP)
14. Shan State Nationalities for Democracy - Japan (SSND-JP)
15. Confederation of National Youth for Burma (Japan Branch) (CNYB (JB)
16. Save Burma
17. Peaceful Burma

(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ
(၃) မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်၊ ဂျပန်
(၄) မြန်မာနိုင်ငံသား အလုပ်သမားများသမဂ္ဂ၊ ( FWUBC)
(၅) မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဂျပန်၊ ( FTUB )
(၆) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဂျပန်ဌာနခွဲ။ ( DPNS Japan)
(၇) ဟော်တယ်နှင့်စားသောက်ဆိုင်လုပ်သားများ သမဂ္ဂ၊ ဂျပန်။
(၈) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၊ နိုင်ငံခြားရေးရာကော်မတီ။ ( ABFSU)
(၉) မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ၊ ဂျပန်။
(၁ဝ) အလင်းအိမ်မဂ္ဂဇင်း၊ ဂျပန်။
(၁၁) အဟာရ စာစောင်။ ဂျပန်။

Tuesday, August 24, 2010

မြန်မာပြည် ကန္တာရဆန်လာဟု ဦးအုန်းသတိပေး

သတင်း - မဇ္ဈိမသတင်းဌာန
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် သစ်တောပြုန်းတီးမှုကြောင့် ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာအဖြစ်အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့်   မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

ထိုအထဲ  အလယ်ပိုင်း အပူပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများမှာ အနည်းငယ် ခံသာ နေသေးသည်ဟု သိရသည်။

“ ဒီတိုင်း ၃ ခုက အပူပိုင်း ဒေသလည်းဖြစ်တော့ အပူချိန်အရမ်းပြင်းတယ်။  အဲဒါကြောင့် တော်တော့ကို ဆိုးနေတယ်။ မြေကြီးရဲ့ အရည်အသွေး ကျဆင်းပျက်စီးမှုက ပိုများပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ကျတော့ သူတို့ထက်စာရင် မိုးပိုရွာတယ်။ အပူချိန်လဲ အဲလောက်မများဘူးဆိုတော့ ဖြစ်တော့ ဖြစ်တယ်။ သူတို့လောက်မများဘူးပေါ့” ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။

“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။ ဆင်းရဲပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။ မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင် ၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့်အစား ၁ဝ ပင်ခုတ်ပြီး ၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာရှိတာပေါ့။ အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

ကချင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တော၊ ဒီရေတောများ ပြုန်းတီးခဲ့ရသဖြင့် မိုးခေါင်ခြင်း၊ ရာသီဥတု မမှန်ကန်ခြင်းများ ကြုံတွေ့ရကြောင်း ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ ရေနံချောင်း၊ ချောက် စသည့်နေရာများတွင် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးများ ပြုလုပ်နေသော်လည်း ငွေအား၊ လူအား အဘက်ဘက်မှ ဒေါင့်မစေ့နိုင်သလို နည်းပညာ အားကလည်း ထင်သလောက် တိုးတက်မလာသေးဟု ဆိုသည်။

ယခင်လကလည်း မြန်မာပြည်အလယ်ပိုင်း မိုးခေါင်သဖြင့် မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့်  နတ်မောက် မြို့နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း ၁၃ မြို့နယ်တွင် အဓိကစိုက်ပျိုးသည့် သီးနှံတခုဖြစ်သည့် နှမ်းများ ပျက်စီးခဲ့သည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာ ကျေးရွာအနီးရှိ တောင်နီတောင်မှ သစ်တောအုပ် ကိုလည်း တောင်အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ထင်းလောင်စာအဖြစ် ခုတ်၍ ကျောက်ပန်း တောင်း မြို့ပေါ်သို့ တင်ပို့ ရောင်းချနေသည်ဟု မြိုင်သာယာ ကျေးရွာမှ ရွာခံတဦးက ပြောသည်။

“လယ်ယာ ကိုင်းကျွန်းရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ရွာ အပါအဝင် ဒီနားမှာရှိတဲ့ ညောင်တို၊ မန်ကျည်းတန်း၊ ကိုင်း အစရှိတဲ့ရွာတွေက အခြေခံလူတန်းစားတွေက ဒီတောင်ပေါ်က ထင်းခုတ်ပြီးမှ ရောင်းမစားရရင် ဘာဝင်ငွေမှ မရှိဘူးလေ။ ထမင်းငတ်သွားမှာပေါ့” ဟု မြိုင်သာယာရွာသား တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးချိန် မိုးကာလတွင် ရာသီဥတု ဖေါက်ပြန်ပြီး သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးလာခြင်းကြောင့် အဆိုပါ ဒေသများရှိ တောင်သူလယ်သမားတို့သည် ငတ်မွတ်မှုဘေးနှင့် ပိုမိုကြုံတွေ့လာရသည်ဟု ဆိုသည်။

ဝမ်းရေးအရ ထင်းခုတ်၊ မီးသွေးဖုတ် ပြုလုပ်နေကြသည့် ဒေသခံ လူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထင်းအစားထိုး လောင်စာများ လုံလုံလောက်လောက်ကူညီမှုများ ပြုလုပ်ပေးနိုင်ပါက ၁၅ နှစ်အတွင်း စိမ်းလန်းလာမှာဖြစ် ကြောင်း ဦးအုန်းကပြောသည်။

နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြုလုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း ၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း ဦးအုန်းက ပြောသည်။

“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်းမီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။ အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊ ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံလောက်လောက်ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေ အပေါ်မှာ တည်တာပေါ့။ အဲဒီလိုသာ ကူမယ်ဆိုရင်တော့ အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန် ၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”ဟု သူက ပြောသည်။

ကချင်ပြည်နယ်တွင် သဘာဝသစ်တောကြီးများမှ သစ်မာပင်များကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ထုတ်ရောင်း နေမှုကြောင့် ၆ဝ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီဖြစ်ပြီး သစ်တော ပြုန်းတီးမှု၏ အဓိက တရားခံမှာ မြန်မာစစ်အစိုးရသာ ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) ဥက္ကဋ္ဌ ကိုအောင်ဝါ က ပြောသည်။

“ကချင်ပြည်နယ်က သစ်တောတွေကတော့ အဓိက စစ်အစိုးရ ကိုယ်တိုင်က တရုတ်နဲ့ပူးပေါင်းပြီး သစ်တွေထုတ် ရောင်းနေတာဖြစ်တယ်။ နောက်တချက်ကတော့ ဒေသခံတွေက သစ်တောငယ်တွေကို ခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်တာတွေပါတယ်” ဟု ကိုအောင်ဝါက မဇ္ဈိမကိုပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိကြီးများက တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသခံ ကချင်လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်အခများပေးပြီး တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် ထိန်ချုန်း၊ ယင်းကျန်း၊ ရွှေလီ စသည့်မြို့များမှ တဆင့် သယ်ဆောင်ကာ ဥရောပနိုင်ငံများထိ တင်ပို့နေသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင်းမှ သစ်ထုတ်လုပ်မှုများ၊ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။
 

NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင်

သတင်း - မဇ္ဈိမသတင်းဌာန
ပါတီအမှတ်တံဆိပ် ခမောက်ပုံကို  စာပေစိစစ်ရေးက သတင်းဂျာနယ်များတွင် ဖော်ပြခွင့် မပြုကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆိုသည်။

ယခုလ ပထမပတ်မှစ၍ ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Monitor ၊ The Hot News နှင့် The Voice Weekly တို့တွင် NDF ခေါင်းဆောင်များ၏ အင်တာဗျူးနှင့် ပါတီတံဆိပ် ခမောက်ပုံကို စာပေ စိစစ်ရေးသို့ တင်ပြရာတွင် ခမောက်ပုံကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးရော ခမောက်ရော၊ တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးပါတယ်၊ ခမောက်ပုံ မပါဘူး။ ဂျာနယ်တွေကို သွားမေးတဲ့အခါမှ စိစစ်ရေးက ဖြုတ်လိုက်တာကို သိရတာ” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ခမောက်တံဆိပ်ကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပြုကြောင်း ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သူများ ကလည်း ပြောဆိုကြသည်။

“ကျနော်တို့က NDF နဲ့ အင်တာဗျူးရော ခမောက်ပုံရော တွဲတင်ပါတယ်။ ဒါပေမဲ့ စာသားရော၊ ခမောက်ရော ဖြုတ်လိုက်ပါတယ်” ဟု ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သည့် အယ်ဒီတာတဦးက ပြောသည်။

“တခြားပါတီတံဆိပ်တွေ ဖော်ပြခွင့် ရပါတယ်။ ခမောက်ကိုကျမှ မရတာပါ။ သိရသလောက်ဆိုရင် ခမောက်ပုံပါတဲ့ နိုင်ငံပိုင် သတင်းစာ ဖြတ်ပိုင်းနဲ့ တွဲတင်တာတောင် မရဘူး” ဟု The Hot News နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့် ပါတီတခုအနေဖြင့် ပါတီတံဆိပ်ကို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းနှင့် အခြားပါတီများ၏ အမှတ်တံဆိပ်များကို ဖော်ပြခွင့်ရနေသော်လည်း ၎င်းတို့ပါတီကိုမှ ဖော်ပြခွင့် ကန့်သတ်ကြောင်း NDF အဆိုအရ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NDF အကြား ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အငြင်းပွားစဉ်ကသာ သတင်းစာထဲတွင် ဖော်ပြခွင့် ရရှိခဲ့ပြီး၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း NDF က ပြောဆိုသော်လည်း Monitor ဂျာနယ်ကမူ ဖော်ပြခွင့် ရရှိသည်ဟု ဆိုသည်။

“ကော်မရှင်က ခွင့်ပြုထားတဲ့ တံဆိပ်ကို ဘာလို့ ဖော်ပြခွင့်မရမှာလဲ။ တခြားဂျာနယ်တွေရော၊ ကျနော်တို့ ဂျာနယ်ရော ဖော်ပြခွင့် ရပါတယ်” ဟု Monitor သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့်လထုတ် Monitor တွင် NDF ပါတီအကြောင်း သတင်းတရပ်တွင် ခမောက်ပုံကို ပူးတွဲဖော်ပြခွင့် ရရှိခဲ့သေးသည်။

စာပေစိစစ်ရေးဌာနမှ ဌာနစုမှူး ဒေါ်ယုယုဝင်းကလည်း “ကျမ အထင်တော့ ဂျာနယ်တွေထဲမှာ ပါနေပါလိမ့်မယ်။ ကော်မရှင်က တရားဝင် ခွင့်ပြုထားရင်တော့ အသုံးပြုခွင့် ပေးပါတယ်။ ကျမ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
NDFoffice1s
NDF အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားစဉ်က ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာ၊ ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက် အသုံးပြုခွင့် ပေးခဲ့သည်ကို စာပေစိစစ်ရေးသို့ အကြောင်း မကြားသဖြင့် သတင်းဂျာနယ်များတွင်  ခမောက်တံဆိပ် ဖော်ပြခွင့် ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း စာပေ စိစစ်ရေးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ယင်းအပြင် လွန်ခဲ့သည့် ၂ လ ခန့်က NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းနှင့် အင်တာဗျူးကို အလင်းတန်း ဂျာနယ်တွင် ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီလို ကန့်သတ်ပိတ်ပင်တာဟာ မဲဆွယ်စည်းရုံးရေးကို မပြုလုပ်နိုင်အောင် လုပ်နေတဲ့ သဘော သက်ရောက်နေတယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုလိုက်သည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NDF သည် လွှတ်တော် ကိုယ်စားလှယ် လောင်း ၁ဝဝ ဝန်းကျင်ဖြင့် ယှဉ်ပြိုင်သွားမည့် ပါတီဖြစ်သည်။

ခြင်ဆေးခွေအသုံးပြုကြသော ပြည်သူများအတွက် သတိပေးထုတ်ပြန်ချက်

ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် ခြင်ဆေးခွေများ ၀င်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချနေသော ခြင်ဆေးခွေအချို့မှာ တရားဝင် ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်း မရှိသော အဆိပ်ရှိပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။ မြန်မာနိုင်ငံ ပိုးသတ် ဥပဒေအရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့တွင်လည်း တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရယူထားခြင်း မရှိပါ။ ယင်းခြင်ဆေးခွေများတွင် အဆိပ်ရှိ ပစ္စည်းပါဝင်မှု ပမာဏမှာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှု ပမာဏထက် ပိုမိုပါဝင်နေပါသဖြင့် အသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ သို့ပါ၍ အဆိုပါ ခြင်ဆေးခွေများကို သုံးစွဲခြင်း မပြုကြရန်နှင့် ပိုးသတ်ဆေး မှတ်ပုံတင် ခွင့်ပြုထားခြင်း မရှိသော အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ခြင်ဆေးခွေများကို တင်သွင်းခြင်း၊ ရောင်းချခြင်းတို့ကို တားဆီး အရေးယူခြင်းနှင့် သိမ်းဆည်းမှုပြုလုပ်ရန် (၁၈)ကြိမ်မြောက် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ထားကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Saturday, August 21, 2010

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲဓါတ်ပုံမှတ်တမ်း

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ယနေ့ ၂၀၁၀ခုနှစ်၊သြဂုတ်လ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နအဖစစ်အခွန်ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း ကျင်းပပြုလုပ် ခဲ့ရာ စုစုပေါင်း ၇၀ ကျော်ခန့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။
ဓါတ်ပုံ။။ Aung Htoo Thein(Japan)
source။။http://www.lanpyakye.org

Friday, August 20, 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနား ဓာတ်ပုံမှတ်တမ်း...

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက်ပိုင်းက တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ဦးကြည်မောင် ကိုယ်ရေးအကျဉ်း 
သြဂတ်စ်လဟာ ချစ်သူခင်သူ တန်ဘိုးရှိသူတွေကို သေမင်းကခေါ်တဲ့လလို့ ပြောရမလို ဖြစ်နေပါပြီ။ အခု သြဂတ်စ် ၁၉ ရက်နေ့ ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှုးကြီးဟောင်း သီရိပျံချီဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၆ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဘဘ ဦးကြည်မောင်လို့ လူငယ်တွေက ချစ်ခင်စွာ ခေါ်ဆိုခဲ့တဲ့ ဦးကြည်မောင်ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အဖဦးဖိုးသိန်း၊ အမိဒေါ်ငွေခင် တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၈ တတိယ ကျောင်းသားသပိတ် မှာ ပါဝင်ခဲ့၊ ၁၉၄၁ မှာ ဘီအေ နောက်ဆုံးတန်းကို မဖြေဆိုတော့ပဲ ဘီအိုင်အေတပ်ကို ၀င်ရောက်ခဲ့ပါတယ်။
၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံ စစ်တက္ကသိုလ်တခုတွင် အပတ်စဉ် (၅၇) သင်တန်းပြီးဆုံးသည် ထိ သင်တန်းတက်ခဲ့ပါတယ်။ ၁၉၄၅ တွင် သနက သို့၎င်း၊ ၁၉၄၈ တွင် တပ်ရင်းမှုး ၊ ၁၉၅၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် မေမြို့စစ်ဦးစီးပထမတန်း၊ ၁၉၅၃ တွင် တပ်မဟာ(၇) တပ်မဟာမှုး၊ ၁၉၅၅၊ ၅၆ တွင် အမေရိကန် စစ်တက္ကသိုလ်သို့ သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင် နေပြည်တော်စစ်ဌာနချုပ်(ရန်ကုန်)တိုင်းမှုး၊ ၁၉၆၂ တွင် တော်လှန်ရေး ကောင်စီဝင်၊ ၁၉၆၂ ၊ ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌာနချူပ် တိုင်းမှုး အဖြစ် တာဝန်ယူခဲ့၊ စစ်တပ်နှင့် နိုင်ငံရေးကို ခွဲခြားသိမြင်သူ ဖြစ်သည့်အလျှောက် ၆၂ ခုနှစ် အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့အပြင် ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီက ကြီးမှုးကျင်းပသည့် ဒူးယား နှီးနှောဖလှယ်ပွဲသို့ မတက်ရောက်ခဲ့ပဲ အမိန့်အာဏာဖီဆန်ခဲ့သဖြင့် အငြိမ်းစားပေးခြင်း ခံရပါတယ်။
၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးတွင် ပြည်သူဖက်မှ ရပ်တည်ခဲ့၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပါဝင်ယှဉ်ခဲ့ရာ မဲရာခိုင်နှုန်း(၇၃.၁၇) ဖြင့် အရွေးချယ်ခံ ခဲ့ရပါတယ်။
၁၉၉၀ ၊ ဇူလိုင် (၂၈၊၂၉) တွင်ကျင်းပသည့် ဂန္ဓီခန်းမအစည်းအဝေး ကို အောင်မြင်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ဂန္ဓီအစည်းအဝေးအပြီးစစ်အုပ်စုမှ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် မတ်လ ၁၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
 
စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ၂၅ နှစ်အတွင်း လေးကြိမ်အဖမ်းဆီးခံခဲ့ရပြီး ထောင် ၂ ကြိမ်ကျခဲ့ရာ ထောင်တွင် စုစုပေါင်း (၇) နှစ်နေခဲ့ရတယ်။
ဦးနှောက်ကိုပို့ပေးတဲ့ သွေးပြန်ကြော ၅၀ ရာနှုန်းပဲ အလုပ်လုပ်တော့တဲ့ နောက်ဆုံး အချိန်တွေမှာတောင် လူငယ်မျိုးဆက်သစ်တွေကို စာပေသင်ကြားပေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ၁၄ ၊ ၈၊ ၂၀၀၄ ခုနှစ် မွန်းလွဲ (၁၂း၁၅) မှာ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်းမှာရှိတဲ့ ဘဘနေထိုင်ရာအမှတ်(၂၄) နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ဓါတ်ပုံ။။
        အမြဲပေးပို့ပေးသူနှင့် ကိုစိုင်း
သတင်း။။       ဒီမိုဝေယံ ကိုယ်ရေးမှတ်တမ်းတင်။။ မခင်မင်းဇော်

မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်


ကျွန်တော်က ညာတောင်ပံ.... ဆိုလျှင် 

သူမက ဘယ်တောင်ပံ။ 

သူမက ညာတောင်ပံ .... ဆိုလျှင် 

ကျွန်တော်က ဘယ်တောင်ပံ။

 ထိုသို့ .... နှစ်ကိုယ့်တစ်စိတ်ဖြင့် ပျံသန်းလာမှု
                နှစ်ကိုယ့်တစ်စိတ်ဖြင့် လျှောက်လှမ်းလာမှုတို့သည်

             နှစ်ဆယ့်ကိုး (၂၉) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

ဤသို့ .... ပျံသန်းမှု၊ လျှောက်လှမ်းမှုတို့သည် ....

ရိုးသားသည်၊ ကြိုးစားသည်။
ဖောက်ထွက်သည်၊ တိုက်ဖျက်သည်။
သီလလုံသည်၊ လိပ်ပြာသန့်သည်။
ဖြူစင်သည်၊ သန့်ရှင်းသည်။
အဖြူထည် သက်သက်သာ ဖြစ်တော့သည်။

ထိုကဲ့သို့ အဖြူထည်သက်သက်ဖြင့် ပျံသန်းလျှောက်လှမ်းနေသော ဦးတည်အရပ်သည်ကား
           မြတ်ဗုဒ္ဓဟောကြား မိန့်မှာခဲ့သည့် ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသ။

ဤကဲ့သို့ ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသသို့ကျွန်တော် ကျွန်မတို့နှင့်အတူ ပျံသန်းကြရင်း၊
   အတူလက်တွဲ လျှောက်လှမ်းကြရင်း၊ ဖြူစင်သော စားဖွယ်တို့ကို သုံးဆောင်ကြပါရန်
                      ဖြူစင်သော စိတ်စေတနာဖြင့် ဖိတ်ကြားအပ်ပါသည်။

                                     လေးစားဦးညွတ်စွာဖြင့်
                                ကျော်သူ + ရွှေဇီးကွက်

                       မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်

မှတ်တိုင်ထူမည့် နေ့ရက် ။         ။ ၂၀၁၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့
မှတ်တိုင်ထူမည့် အချိန်    ။         ။ နံနက် (၁၀) နာရီ
မှတ်တိုင်ထူမည့် နေရာ    ။         ။ "သုခအဟာရ" စားသောက်ဆိုင်
နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက...

Thursday, August 19, 2010

ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ

၁၉၉ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာလာခဲ့ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များစာရင်း။

၂ဝဝ၉ နှစ်ဆန်း၌ပြည်ပတွင်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ်များ (အက္ခရာစဉ်အလိုက်)


စဉ်။ အမည်၊ မဲဆန္ဒနယ်၊ ကိုယ်စားပြုပါတီ
1. ခွန်မားရ်ကိုဘန်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့
2. ဒူးဝါးဇော်အောင်၊ ဝိုင်းမော်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
3. ဦးခင်ကျော်ဟန်၊ ရေနံချောင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
4. ဦးချစ်တင်၊ မင်းလှ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
5. ဦးခွန်မြင့်ထွန်း၊ သထုံ (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
6. ဦးစိုင်းဝင်းဖေ၊ မိုင်းရှူးမြို့နယ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
7. ဦးတင်ထွတ်၊ အိမ်မဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
8. ဦးတင်ထွန်းအောင်၊ ယင်းမာပင် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
9. ဦးတယ်ရီဘူးရီ၊ လွိုင်ကော်မြို့နယ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
10. ဦးထွန်းဝင်း၊ မင်းပြား (၂)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
11. ဦးထန်လျန်ပေါင်၊ တွန်းဇန်မြို့နယ်၊ ဇိုမီးအမျိုးသားကွန်ဂရက်
12. ဦးဒယ်နီရယ်အောင်၊ မိုင်းပျဉ်းမြို့နယ်၊ လားဟူအမျိုးသားဖွံဖြိုး တိုးတက်ရေးပါတီ
13. ဦးပီတာလင်းပင်၊ ပြင်ဦးလွင်မြို့နယ် (၂)၊ တသီးပုဂ္ဂလ
14. ဦးဗိုလ်သောင်း၊ ယင်းမာပင်မြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
15. ဦးဘိုလှတင့်၊ မိုးကုတ်မြို့နယ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
16. ဦးမြဝင်း၊ အင်္ဂပူမြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
17. ဦးလျှန်အုပ်၊ ဟားခါးမြို့နယ်၊ တသီးပုဂ္ဂလ
18. ဦးလှဦး၊ ကျောက်တံခါးမြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
19. ဦးဝင်းလှိုင်၊ တပ်ကုန်း (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
20. ဦးသန်းစိန်၊ ပုလဲမြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
21. ဦးသာနိုး၊ ရသေ့တောင် (၂)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
22. ဦးသိန်းဦး၊ မန္တလေးအနောက်တောင် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
23. ဦးနိုင်သောင်းရှိန်၊ ကော့ကရိတ်မြို့နယ် (၂)၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
24. ဦးကျော်သွင်၊ ခရမ်းမြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
25. ဦးစောတာရူးတူး၊ ဖါးဆောင်းမြို့နယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
26. ဦးမောင်မောင်လတ်၊ ဘီလင်းမြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
27. ဦးမောင်မောင်အေး၊ မန္တလေးအရှေ့မြောက်မြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
28. ဦးအောင်ထွန်းစိန်၊ ပုဏ္ဏားကျွန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
29. ဒေါက်တာစန်းအောင်၊ အင်္ဂပူမြို့နယ် (၂)၊ တသီးပုဂ္ဂလ
30. ဒေါက်တာစိန်ဝင်း၊ ပေါက်ခေါင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီပါတီ
31. ဒေါက်တာဇလှေထန်း၊ ဖလမ်းမြို့နယ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
32. ဒေါက်တာတင့်ဆွေ၊ ပုလဲမြို့နယ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
33. ဒေါ်စန်းစန်း၊ ဆိပ်ကမ်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပြည်ပရောက်ရှိပြီးနောက် ပြည်တွင်းပြန်ဝင်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊

စဉ်။ အမည်၊ မဲဆန္ဒနယ်၊ ကိုယ်စားပြုပါတီ၊ မှတ်ချက်
၁။ ဦးသန်းကြွယ်၊ ရွှေတောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၁-၁-၉၁ ရက်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံး၌ အညံ့ခံခဲ့သည်။
၂။ ဦးမြင့်အောင်၊ ကံမမြို့နယ် မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၁-၁-၉၁ ရက်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံး၌ အညံ့ခံခဲ့သည်။
၃။ ဦးမဖန်းဆင်၊ ချီဖွေမြို့နယ် မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၅-၆-၉၄ ရက်နေ့တွင် နဝတ ထံအညံ့ခံ၍ပြည်တွင်းပြန်ဝင်။
၎။ ဦးယောစီ၊ ပူတာအို မြို့နယ် မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၅-၆-၉၄ ရက်နေ့တွင် အညံ့ခံ၍ ပြည်တွင်းပြန်ဝင်။
၅။ ဦးကျော်မောင်၊ မိုးညှင်း မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၅-၆-၉၄ ရက်နေ့တွင် အညံ့ခံ၍ ပြည်တွင်းပြန်ဝင်။
၆။ ဦးကြာမြ၊ မိုးညှင်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၅-၆-၉၄ ရက်နေ့တွင် အညံ့ခံ၍ ပြည်တွင်းပြန်ဝင်။
၇။ ဦးအင်နန်းဂန်၊ မချမ်းဘော မြို့နယ် မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၅-၆-၉၄ ရက်နေ့တွင် အညံ့ခံ၍ ပြည်တွင်းပြန်ဝင်။
၈။ ဦးမြင့်မောင်၊ အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၄ ခုနှစ်တွင် အညံ့ခံခဲ့သည်။

ပြည်ပတွင်ကွယ်လွန်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များ

စဉ်။ အမည်၊ မဲဆန္ဒနယ်၊ ကိုယ်စားပြုပါတီ၊
၁။ ဦးဝင်းကို၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂။ ဦးလှဖေ၊ ပျော်ဘွယ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၃။ ဒေါက်တာမျိုးဝင်း၊ ကဝ မြို့နယ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

မှတ်တမ်းတင်စာရင်းပြုစုသူ ဒေါက်တာတင့်ဆွေ

Wednesday, August 18, 2010

ဗုဒ္ဓဘာသာခုတုံးလုပ်၊ ဗုဒွဘာသာလို့ အမည်ခံတဲ့ မိုးပြာဂိုဏ်းအကြောင်း

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်းသို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင် သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့် မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။ သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။ သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက် ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း
အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ 
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့် (၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။ စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။
မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်..... (၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။
မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။ ရှေးဘ၀၊ နောက်ဘ၀ လက်မခံ ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆) လက်ခံလျှင် အကျိုးမရှိ တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊) ၃၁ ဘုံ လက်မခံ ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။ (ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆) လူကိုတော့ မသတ်နှင့် လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။ (ဘုရား၊ စာ ၁၃၁) ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။ (ဘုရား၊ စာ ၁၃၅) အများပိုင်ပစ္စည်း ခိုးနိုင်သည် နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။) မမူးအောင်သောက် သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။ (ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀) ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။ (ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်) စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော် ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။ ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”

“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား” “ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”
(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)
ဦးဥာဏဆိုသည်မှာ
မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။ မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။ ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။ ၀ိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။
ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။ ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။ ၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။
အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။
ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်အား အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ် ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။ ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊ ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင် စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။ ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။ ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။ စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။ အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။ ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။
သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ
မှတ်ချက်။ ။အီးမေးလ်မှ တဆင့်ဖော်ပြပေးတာဖြစ်ပါတယ်။ ကျတော်အနေနဲ့ ဘာသာရေးနဲ့ ပက်သက်လို့ သာမန်မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ် မည်သူမှန်တယ် မှားတယ်ကို ဝေဖန်နိုင်တဲ့အဆင့်မဟုတ်တဲ့အတွက် စာဖတ်သူများ မိမိဖာသာချင့်ချိန်စဉ်စားတော်မူကြပါခင်ဗျာ။
တဆင့်ပေးပို့ပေးတဲ့ သူငယ်ချင်း ငယ်လေးမ ကိုကျေးဇူးတင်ပါတယ်။။

Tuesday, August 17, 2010

ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား အား ဆရာ မင်းသုဝဏ် ကွယ်လွန်ခြင်း ( ၆ )နှစ်မြောက် အထိမ်းအမှတ် ပြန်လည်ဖော်ပြခြင်း




ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား


မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄]

ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွမ်းပင်၊ အမိ ဒေါ်မိ တို့က ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မေးချင်း ခုနှစ်ယောက်တွင် ဒုတိယ မြောက်ဖြစ်ပြီး မွန် - မြန်မာ မျိုးရိုး ဖြစ်သည်။ အမည်ရင်း ဦးဝန် ဖြစ်သည်။


မြင်းခြံကုန်းမြို့ ကြားကျောင်း ခေါ် ရွှေကျင် ကျောင်းတိုက် [ဆရာ ဦးဖိုးလှိုင်ကျောင်း] (၁၉၁၆ ခန့်)၊ အမျိုးသားကျောင်း (၁၉၂၁)၊ ရန်ကုန်မြို့ စိန်ဂျွန်းကျောင်း (၁၉၂၃)၊ ၁၉၂၆ မတ်လ အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ် စာမေးပွဲတွင် စတုတ္ထ ရ၍ အောင်မြင် ခဲ့သည်။ ၁၉၂၉ မတ်လ ဆယ်တန်း စာမေးပွဲကို ပထဝီဝင် ဂုဏ်ထူးနှင့် အောင်၍ ယူနီဘာစီတီ ကောလိပ်သို့ တက်ရောက် (၁၉၂၉-၃၁)၊ ဝိဇ္ဇာ ဂုဏ်ထူးတန်းကို မြန်မာစာ ပထမ အဆင့်ဖြင့် အောင် (၁၉၃၃)၊ မဟာ ဝိဇ္ဇာ မြန်မာစာ ဂုဏ်ထူးတန်းကို ဒုတိယ အဆင့်ဖြင့် အောင် (၁၉၃၅)၊ အင်္ဂလန် နိုင်ငံ အောက်စဖို့ တက္ကသိုလ်တွင် ပညာတော် သင် (၁၉၃၈)၊ အောက်စဖို့ တက္ကသိုလ်မှ စာပေ ဝိဇ္ဇာဘွဲ့ ရရှိ (၁၉၃၉)၊ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် (၁၉၅၂) တွင် ဘာသာ ဗေဒ ပညာ ဆည်းပူး ခဲ့သည်။


မြန်မာစာ ဌာန အချိန်ပိုင်း နည်းပြ (၁၉၃၃ - ၃၅)၊ အချိန်ပြည့် နည်းပြ (၁၉၃၅) နှင့် တက္ကသိုလ် ကျောင်းတိုက် မြန်မာစာ အသင်း အတွင်းရေးမှူး၊ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်း အတွင်းရေးမှူး၊ ကောလိမ် မဂ္ဂဇင်း မြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာ၊ လက်ထောက် ကထိက (၁၉၃၉)၊ ဒုတိယ ကမ္ဘာစစ် အတွင်း ပညာ့ တံခွန် အသင်း အဘိဓာန် လုပ်ငန်းကို ဦးဆောင် (၁၉၄၂)၊ ရန်ကုန် ရွှေဘုံသာလမ်း အရေးပေါ် တက္ကသိုလ် မြန်မာစာ လက်ထောက် ကထိက (၁၉၄၅)၊ ကထိက (၁၉၄၆)၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန ဌာမှူး (၁၉၄၈) နှင့် မြန်မာ နိုင်ငံ သုတေသန အသင်း ဂျာနယ် စာတည်း၊ တက္ကသိုလ်များ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး (၁၉၅၃)၊ မြန်မာစာ ဌာန ပါမောက္ခ (၁ မတ် ၁၉၆၁ မှ ၁၂ မေ ၁၉၆၂ ထိ) နှင့် တက္ကသိုလ် စာအုပ် ထုတ်ဝေ ဖြန့်ချီရေး ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အဖွဲ့ဝင်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်းမှူး အဖြစ် တာဝန်ယူ (၁၉၆၂)၊ စာတည်းမှူး အဖြစ်မှ အငြိမ်းစား ယူ၍ ပညာရေး ဌာနတွင် ပညာရေး အထူး အရာရှိ (၁၉၆၈)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ (၁၉၇၀)၊ ၃၁ မေ ၁၉၇၁ တွင် ပညာရေး အထူး အရာရှိ အဖြစ်မှ အနားယူ ခဲ့သည်။ ဂျပန် နိုင်ငံ အိုဆာကာမြို့ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် (၁၉၇၅ - ၇၉) ဆောင်ရွက် ခဲ့သည်။ အိန္ဒိယ နိုင်ငံ (၁၉၄၇)၊ တရုတ် - ဆိုဗီယက် - ပိုလန် - ချက်ကို စလို ဗက်ကီးယား - အရှေ့ ဂျာမနီ (၁၉၅၇)၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ (၁၉၆၁) သို့ သွားရောက် ခဲ့သည်။


၁၉၂၆ ခုနှစ်ထုတ် ဒဂုန် မဂ္ဂဇင်းတွင် ပထမဆုံး ကဗျာ ဖော်ပြခြင်း ခံရသည်။ ကဗျာ၊ ပုံပြင်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဝေဖန်စာ အမြောက်အမြား ရေးသားခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ 'မောင်ခွေးဖို့ ကလေး ကဗျာများ' (၁၉၄၀)၊ 'သပြေညိုနှင့် အခြား ကဗျာများ' (၁၉၄၁)၊ 'စာပေ လောက' (၁၉၄၈) [ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'တက္ကသိုလ် မြန်မာ အဘိဓာန်' [ငါးပိုင်း] (၁၉၅၂ - ၆၄)၊ 'သုံးပွင့်ဆိုင် ခေတ်စမ်း စာပေ' (၁၉၅၅) [သိပ္ပံ မောင်ဝ၊ ဇော်ဂျီနှင့် တွ္ပဲ၍]၊ 'ကဗျာ့ ပရိယာယ်' (၁၉၆၃) [မင်းယုဝေနှင့် တွဲ၍]၊ 'ကလေး ပုံပြင်များ' (၁၉၆၅)၊ 'ခရီးသည်' (၁၉၆၅) [ဇော်ဂျီနှင့် တွဲ၍]၊ 'ပန်းနှင့် ပင်စည်' (၁၉၆၅)၊ 'မြန်မာစာ မြန်မာမှု' (၁၉၆၅)၊ 'ပျဉ်းမငုတ်တို' (၁၉၆၈)၊ 'ရေချမ်းစင်' (၁၉၇၀)၊ 'အင်းလျား ကန်သို့ အို ကူးတို့' (၁၉၄၇)၊ 'လီယာမင်းကြီး' (၁၉၈၄)၊ 'ကဗျာ ပေါင်းချုပ်'၊ 'မင်းသုဝဏ် ဝတ္ထုတိုများ' (၂၀၀၂) တို့ ဖြစ်ကြသည်။ 'လီယာမင်းကြီး' ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် ရသ) (၁၉၄၈) ချီးမြှင့် ခံခဲ့ ရသည်။ ဝဏ္ဏကျော်ထင် (၁၉၅၀)၊ သီရိပျံချီ (၁၉၆၂) ဘွဲ့များ ရရှိ ခဲ့သည်။ မြန်မာ နိုင်ငံ သုတေသန အသင်း အတွက် ဂါမဏိ စန္ဒပျို့၊ တောင်ငူဆို ရတု အဖြေ၊ ဥမ္မာ ဒန္တီပျို့၊ သျှင်မဟာ ရဋ္ဌသာရ၏ ပကိဏ္ဏက စာစု (ဦးအုန်းရွှေနှင့် တွဲဖက်လျက်) တို့ကို တည်းဖြတ် ပေးခဲ့သည်။


၂၀၀၄ ခု သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁:၃၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် သပြေညို နေအိမ်၌ ကွယ်လွန် ခဲ့သည်။


ဆရာ မင်းသုဝဏ်၏ စာပေ စကား ကဏ္ဍတွင် ကျောင်းသုံး မြန်မာ စာအုပ်ပါ ဆရာ ရေးဖွဲ့သော 'သပြေညို'၊ 'ပျဉ်းမငုတ်တို'၊ 'ဗြောသံ'၊ 'တို့မလေး'၊ 'ဖိုးမောင်လာပြီ'၊ 'ပေါက္ကံပြည်၌' စသော ကဗျာများ အကြောင်းနှင့် အခြား စာပေ ရေးရာများ ပါဝင် ပါသည်။


(က) သပြေညို


"'သပြေညို' ကို (၁၉၃၈) ခု၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ရေးခဲ့တယ်။ ရေးတဲ့ နေ့ရက်နဲ့ လွတ်လပ်ရေး ရတဲ့ နေ့ရက်ဟာ အင်မတန် ထူးဆန်းဖွယ် တိုက်ဆိုင်တာ ကြုံရတယ်။ ဤ ကဗျာကို အင်္ဂလန် နိုင်ငံ၊ ဝေလနယ် မြောက်ပိုင်း၊ ဟာဒင် ခေါ် ရွာကလေးရှိ စိန်ဒိုင်းနီးယဲ စာကြည့်တိုက်တွင် စာကြည့် နေစဉ် ရေးစပ် ခဲ့တယ်။ စာကြည့်တိုက်မှာ ဆရာ ဖတ်ရတဲ့ စာအုပ်က PUNCH ခေါ်တဲ့ လစဉ်ထုတ် စာစောင် ဖြစ်တယ်။ အဲဒီ စာအုပ် ထဲမှာ မြန်မာပြည်မှာ အင်္ဂလိပ်နဲ့ မြန်မာ စစ်တိုက် တာကို ပါလီမန် ထဲမှာ အချေ အတင် ပြောတာ၊ မြန်မာ ဘုရင်ကို ခေါ်ဆောင် သွားရန် ပါလီမန်မှာ ဆွေးနွေးတဲ့ အကြောင်း ဖတ်ရတဲ့ အခါ ဗြိတိသျှ လူမျိုးများ ကြီးပွား တိုးတက်ပြီး ကိုယ့်လူမျိုး ဆင်းရဲ နေတာ ကြားရတော့ လွတ်လပ်ချင် စိတ် ပေါ်လာတယ်။ အဲဒီ ခံစားချက် ပေါက်ကွဲပြီး 'သပြေညို'ကဗျာ အဖြစ် ပေါ်ထွက် လာရတယ်။ ဂန္တတလောကမှာ ထည့်တယ်လို့ ထင်တယ်။ ဆရာ ဦးသိန်းဟန် (ဇော်ဂျီ) ရဲ့ ပြောပြချက် အရ စစ်ဖြစ် ခါနီးမှာ မြန်မာ အစိုးရ ပြန်ကြားရေး ဌာန အတွင်းဝန် သိပ္ပံ မောင်ဝက မြန်မာ လူမျိုးတွေ စိတ်အား တက်ရကွ လာအောင် ဆိုပြီး ကားချပ် ကလေးနဲ့ ထုတ်ဝေ တယ်လို့ သိရတယ်။ ဆရာ့ အထင် ပြောရရင် သိပ္ပံ မောင်ဝရဲ့ ရည်ရွယ်ချက်က ဖက်ဆစ်နဲ့ တိုက်ရ တော့မယ်၊ လွတ်လပ်ရေး ရတော့မယ် ဆိုပြီး ပြည်သူ လူထု အားလုံး စည်းလုံး တက်ရကွစွာ ပါဝင် စေလိုတဲ့ သဘောပဲလို့။"

(ခ) ပျဉ်းမငုတ်တို


"'ပျဉ်းမငုတ်တို' ကဗျာကို (၁၉၄၉) ခု၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ရေးတယ်။ ယခု နိုင်ငံခြား ဘာသာ သိပ္ပံ အဆောက်အအုံ နေရာမှာ ယခင်က ဘာမှ မရှိ၊ တောချုံ ပိတ်ပေါင်း ဖြစ်နေတယ်။ အဲဒီ တုန်းက ဆရာက အင်ယားလမ်းမှာ နေတယ်။ ဆရာ့ ကလေးတွေ၊ ဆရာ ဇော်ဂျီ ကလေးတွေ ခေါ်ပြီး ညနေဘက် လမ်းလျှောက်လေ့ ရှိတယ်။ အဲဒီမှာ ငုတ်တို တခုကို တွေ့ရတယ်။ ပင်ခြောက်ကြီး တပင်က ဆောင်းကုန် နွေကူး လေးရူး ကလေး ဝှေ့လာတဲ့ အခါ အညွန့် ကလေးတွေ ထွက်လာတယ်။ ခံစားမှု ဆိုတာလည်း ဒီမှာ ပေါ်လာတယ်။ အင်မတန် အိုမင်းတဲ့ သစ်ပင် သော်မှ နွေရာသီဘက် ရောက်ရင် အညွန့် ထွက်လာ ရသေးတယ်။ တို့ တိုင်းပြည် ဟာလည်း ဒီလိုပဲ တနေ့ ကျရင် အညွန့် တက်မှာပဲ ဆိုပြီး ပေါက်ကွဲ လာတဲ့ ကဗျာ ဖြစ်တယ်။"

(ဂ) ဗြောသံ


"'ဗြောသံ' ကဗျာကို (၁၉၃၄) ခုနှစ်၊ ရန်ကုန် တက္ကသိုလ် နည်းပြ ဆရာ လုပ်စဉ်က ဖွဲ့ဆို ခဲ့တယ်။ ရင်ထဲမှာ ခံစားမှု ပြင်းထန်ပြီး ပေါက်ကွဲ ထွက်လာတဲ့ သံချို ကဗျာ ဖြစ်တယ်။ ကမာရွတ် ရဲဌာန အလွန်မှာ ရှေးက ညောင်ပင်ကြီး ရှိတယ်။ ပန်းကမ္ဘာလို နေရာမျိုးမှာ လ္ဘက်ရည်၊ ကော်ဖီ၊ စမူဆာ ရောင်းတဲ့ဆိုင် ရှိတယ်။ ဆရာရဲ့ ကျူတာ စာမေးပွဲ စစ်ပြီး ကျောင်းပိတ်လို့ အဲဒီမှာ ထမင်း လာစားတယ်။ သူငယ်ချင်းတွေ လာစု ကြတယ်။ ကော်ဖီ သောက်ကြတယ်။ အင်းစိန် လမ်းဘက်က ရှင်လောင်း လှည့်လာတယ်။ မြင်းနဲ့ ရွှေထီးနဲ့ ပေါ့လေ။ ဆရာ ငယ်စဉ်က ရှင်လောင်း လှည့်တာ သတိ ရတယ်။ ငယ်စဉ် ဘဝကို သတိရ လွမ်းဆွတ် တာလည်း ပါတယ်။ ပျော်တာလည်း ပါတယ်။ အဲဒီ ခံစားချက်ကို အောင့် မထား နိုင်လို့ ဒီကဗျာ ထွက်ပေါ် လာရတယ်။"

(ဃ) တို့မလေး


"ပထမ ပိုင်းမှာ ရှေးကဗျာ တပုဒ် ဖြစ်တဲ့ --- 'မမလေး အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာလို့ မေး မေးပါနဲ့ အေ ယိုးဒယားရယ်နဲ့ ကုလားကို သူချီတော့ ကရင်နီ ဟိုအောင်တပ်ဆီက ဆံဖြတ်မောင်စီလို့ ရေးတယ် လွမ်းစာတဲ့လေး။'
ဘုရင့်နောင်၊ အလောင်းဘုရား တို့ စစ်ချီ တဲ့ခါ ပါသွားတဲ့ စစ်သားများ ယိုးဒယားကို ( အင်္ဂလိပ် - ကုလားဖြူ) စစ်ချီတော့ ကရင်နီနယ် (ယခု - ကယား ပြည်နယ်) ကို ဖြတ်ရတယ်။ သစ်တပ် - ရန်သူ မဝင် နိုင်အောင် လုပ်ထားတဲ့ နေရာ၊ တပ်မြို့ စခန်းတွေ ချထားပြီး စစ်ချီ ရတယ်။ ဒါကို အောင်တပ်လို့ ခေါ်တယ်။ မင်္ဂလာ ယူထားတဲ့ အမည် - တပ်ကနေ အမျိုးသမီးဆီ စာရေးတယ်။ မိမိ ဌာနီကို စာပို့တာ၊ ထန်းရွက် ပေရွက် တွေနဲ့ ရေးတယ်။ နေပြည်တော်ကို မြင်း စေတမန်နဲ့ လွှတ်ရတယ်။ စာတွေ အများကြီး ပါလာတယ်။ အိမ်မှာ လူတွေ မတွေ့ရင် ခေါင်မိုးမှာ ထိုးထား ခဲ့တယ်။ သူငယ်ချင်း တွေက ဘာစာလည်း မေးကြတယ်။ 'မေးပါနဲ့ အေ' ဆိုတဲ့ စကားမှာ အဓိပ္ပာယ် အများကြီး ပါတယ်။ အလွမ်း ဓာတ်ခံ ရှိပြီး ညည်းတွားတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ ငါ့ 'မောင် - ချစ်သူ' စစ်ချီ သွားရာက ပေးလိုက်တဲ့ စာပါအေ။

'ဆံဖြတ်မောင်' လို့ သုံးတာက ရှေးက မြန်မာ လူမျိုး တွေဟာ ဆံပင် ရှည်ရှည် ထားလေ့ ရှိကြတယ်။ စစ်ချီ တဲ့ခါ ငှက်ဖျား မိကြ၊ ဝမ်းကိုက်ကြ ဖြစ်ကြတယ်။ ဒါကြောင့် ဆံပင် ဖြတ်ပြစ် လိုက်ရတယ်။ စစ်တိုက် ရတာ ပင်ပန်းမှုကို ပေါ်လွင် စေတယ်။ ပေတသီး၊ ကျီးတသား။ ထို့ကြောင့် မင်္ဂလာ မရှိဟု ယူဆသည်။ နန်းတော် လွှတ်တော်၊ ဘုရင် မှူးမတ်တို့ ရေးစာ၊ မိန့်စာ တို့ကို ထန်းရွက် နဲ့သာ ရေးရတယ်။ ထန်းက အသက် ရှည်တယ်။ စာချွန်တော် - ထန်းရွက်နဲ့ ရေးတဲ့ စာတွေ ဖြစ်တယ်။ တဖက် ချွန်ထားလို့ 'စာချွန်တော်' လို့ ခေါ်ကြတယ်။

ဒီကဗျာ အရ ရှေးခေတ် မိန်းခလေး တွေဟာ စာဖတ် တတ်တယ်။ စာမတတ်၊ ပေမတတ် မျိုးရိုး မဟုတ် မြန်မာ ဘုရင်တွေ ခေတ်က မိန်းခလေးတွေ စာတတ် ပေတတ် ကိုလိုနီခေတ် ရောက်မှ မတတ်တာ။

ဒီနေရာမှာ 'ဒို့မလေး' ဆိုတာ အမည် မဟုတ်၊ ချစ်စနိုး ခေါ်တဲ့ အသုံးသာ ဖြစ်တယ်။ 'မမလေး၊ ပန်စရာ' မမလေး ငယ်ကမွေး တောက ရွှေကျေး စသဖြင့် သုံးသလို တို့ဆိုတာ ငါတို့ (ယခုခေတ်) ရဲ့ ရှေးတုန်းက မလေး (ရှေးမြန်မာ အမျိုးသမီးတွေ) လို့ ဆိုလိုတာ ၊ဒုတိယ ပိုဒ်ကို ရေးတာက ရှေးကဗျာ တပုဒ် ဖြစ်တဲ့

'ရွှေဝသွား ပါးလိုက်တဲ့ ဆောင်ပါလေ လွမ်းသူ့စာခွေ သည်စာခွေ အထွေထွေပါလေရဲ့လေး စီလို့သာကုံးရ စာလုံး တယ်မလှတယ် မိန်းမလက်ရေး။'
အမျိုးသား တွေက ရောင်းဝယ် ဖောက်ကားမှု ကိစ္စနဲ့ အင်းဝကို သွားနေတုန်း အမျိုးသမီး တွေက ရွာမှာ ကျန်ခဲ့တယ်။ သူတို့ ချစ်သူ လင်ယောက်ျားဆီ စာရေးလေ့ ရှိတယ်။ စာခွေ ဆိုတာ ပေရွက် ထန်းရွက်တွေ ပေါ်မှာ စာရေးပြီး လိပ်ခွေ ထားလို့ စာခွေလို့ ခေါ်ကြတာ။ လက်ရေးက မလှမပ၊ မညီမညွတ်၊ ကနွဲ့ကရ လက်ရေး ဖြစ်တယ်။ အင်းဝသွား အလုပ် လုပ်နေတဲ့ မောင်ကို လူကြုံနဲ့ ပါးလိုက်တဲ့ ကျွန်မရဲ့ စာကို ယူသွားပါ။ ဆန္ဒ ပြင်းပြ လို့သာ ရေးရ ပါတယ်။ လက်ရေးက တယ် မလှ ပါဘူး။ ရှေးက စာကို ပေရွက်မှာ ရေးရတာ၊ ရေးနေ မကျလို့ လက်ရေး မလှ ဖြစ်တတ်တယ်။

အထက်ပါ ကဗျာ (၂) ပုဒ် အရ ရှေးမြန်မာ အမျိုးသမီးများ စာရေး စာဖတ် (အ - ၂ လုံး ကျေကြောင်း) တတ်ကြောင်း ထင်ရှား နေတယ်။ သိသာ နိုင်တယ်။ ခြစ်တယ် ဆိုတာ ပေရွက်၊ ထန်းရွက် ပေါ်မှာ သံကညစ်နဲ့ ခြစ်ရေး ရတယ်။ 'မလေး ချစ်နိုင် ခဲ့ဘူးပြီ' လို့ သုံးထားတာ၊ ကျစွာမင်းရဲ့ သမီး၊ သံဗျင် မင်းသမီး၊ ရခိုင် နန်းတွင်းသူ မိညို တို့ဟာ စာပေ ထူးချွန် သူတွေ ဖြစ်ခဲ့တယ်။

ပုဂံခေတ် ကစ မြန်မာတို့ စာပေ တတ်ခဲ့တယ်။ သံဗျင် မင်းသမီးဟာ ရဟန်း တွေကို စာချ ပေးရတဲ့ အထိ တတ်ခဲ့တယ်။ သို့ပေမယ့် ကျွန်ဘဝ ရောက်လာတော့ စာပေ မလေ့လာရ၊ မတတ် စာပေငတ်တဲ့ဘ၀ ရောက်ခဲ့ရတယ်။ အိမ်ထောင်နဲ့ တကွဲစီနေရတဲ့ မြန်မာအမျိုးသမီးတွေအဖို့ စာမရေးတတ်၊ မဖတ်တတ်၊ အလိမ္မာစာမှာရှိဆိုတော့ မလိမ္မာကြ၊ တရားစာ၊ သတင်းစာ မဂ္ဂဇင်း ဘာမှ မဖတ်တတ်၊ စာငတ် ပေငတ်၊ အသိ ပညာ မရ၊ မောင်းထောင်း ဆန်ပြာနဲ့ အောက်တန်း ကျလွန်း နေပြီ။ ရေငတ် မြေသြဇာ ငင်ပြီး မစိမ်းလန်း မစိုပြည်တဲ့ သစ်ခြောက် ပင်နဲ့ တူတယ်။

ယခု ကံကောင်း ထောက်မ လာပြီ၊ အသုံးလုံး သင်တန်း ဖွင့်နေပြီ။ နေ အလွန်ပူတဲ့ ရာသီ လည်းဖြစ် ပူလွန်းလို့ တံလျှပ်ရောင် ထနေတဲ့ တန်ခူး၊ ကဆုန် ကျက်ကျက် ပူတဲ့ ရာသီ မျိုးမှာ အလုပ် လုပ်တဲ့ နေရာမှာ လိုက် စာသင် နေရတယ်။ ထန်းပလပ်တဲ၊ တမာပင် တွေမှာ 'ချစ်ရိပ်ခို' ဆိုတာ အသုံးလုံး သင်တန်း ပေးတဲ့ လုပ်အားပေး ကျောင်းသူ ကျောင်းသား တွေရဲ့ မေတ္တာရိပ်၊ စေတနာရိပ်၊ ထန်း တမာပင် တို့က လူသားကို မေတ္တာ ထားတဲ့ အရိပ်လို့ ဥပမာ တင်စား ထားတယ်။

'အမြင်ဆန်း' - စာ မတတ်သူ အကန်း နဲ့တူတယ်။ ရေးတတ် ဖတ်တတ် သွားပြီ။ အရင်က မသိ တာတွေ သိလာပြီး အံ့သြ ဖွယ်ရာ ဖြစ်လာပြီ။ ဘဝ သစ်လွင် နေပြီ။ မလေး ဘဝမှာ စည်ကား လာပြီ၊ 'မျက်ကန်း' ဆိုတာ ပညာတည်း ဟူသော အမြင် မရှိ သူကို ဆိုတာ။

ယုတ်ညံ့တဲ့ ဘဝ ဟောင်းဟာ ရွက်ဟောာင်း ရေကွသလို လွင့်သွားပြီ၊ တန်ခူး လမှာ အရွက် ရေကွတယ်။ ကေ့သွားတဲ့ ဘဝ ဘဝဟောင်း နောက်မှာ အရွက် အဖူး အငုံတွေ ဝေဆာ လာပြီ။ အသိဉာဏ် ပညာ ရကွယ်ဝ လာပြီလို့ ဆိုလိုတာ။

အသုံးလုံး လုပ်ငန်း စကတည်းက ဆရာ ပါခဲ့တယ်။ အသုံးလုံး ကိစ္စ ဆောင်ရွက်ရင် ဆရာ ပီတိ ဖြစ်ပြီး ပေါက်ကွဲ အန်ထွက် လာတဲ့ ကဗျာ တပုဒ် ဖြစ်တယ်။ တို့အမျိုး တွေဟာ ရှေး ကတည်းက စာရေး စာဖတ် တတ်ခဲ့တယ်။ ကိုလိုနီ ဘဝမှာ သူ့ကျွန် ဖြစ်ပြီး လူဖြစ် ရှုံးခဲ့ ရတယ်။ အဲဒါကို မခံချင် စိတ်လဲ ပါတယ်။ ခု အစိုးရက ဦးစီး ဖွင့်လှစ်တဲ့ အသုံးလုံး လုပ်ငန်းကို အားရ ဝမ်းသာ ကျေနပ် နှစ်သိမ့်ပြီး ထောက်ခံ ကြိုဆိုတဲ့ သဘောလည်း ပါတယ်။ အသုံးလုံး လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားတွေ ကိုရော သင်တန်း တက်ခဲ့ သူတွေ အဖို့ပါ လှုံ့ဆော်တဲ့ သဘော တက်ရကွစွာ လှုပ်ရှား ပါဝင် စေလိုတဲ့ တွန်းအား လည်းပဲ ဖြစ်ပါတယ်။ ဆရာက စာပေသမား ဆိုတော့ တမျိုးသားလုံးကို စာတတ် စေချင်တယ်။ ကန်ရဲ့ အတိမ် အနက်ကို ကြာရိုး ကြာစွယ်နဲ့ တိုင်းသလို တိုင်းပြည် တခုရဲ့ အတက် အကျ ကိုလည်း စာပေနဲ့ တိုင်းလို့ ရတယ်။ စာပေဟာ တိုင်းပြည်နဲ့ လူမျိုးကို မီးမောင်း ထိုးပေးတယ်။ တို့ တတွေဟာ စာများများ ဖတ်ရမယ်။ အလုပ် များများ လုပ်ရမယ်။ တာထွက် နှေးတော့ မြန်မြန် ပြေးရ မှာပေါ့။ မြန်မြန် ပြေးဖို့ အတွက် အားအင် လိုတယ်။ ဝ မရှိဘဲ ဝိလုပ်လို့ ရပါ့ မလား။ ဒါကြောင့် တို့ တမျိုးသားလုံး မျက်စိ ဖွင့်ဖို့ လိုတယ်။ လူ တဦးစီ တဦးစီ စုလိုက်တော့ မိသားစု မိသားစုတွေ စုလိုက်တော့ မြို့၊ မြို့တွေ စုလိုက်တော့ ပြည်နယ်၊ တိုင်း၊ တိုင်းနဲ့ ပြည်နယ်တွေ စုလိုက်တော့ တို့ ပြည်ထောင်စုကြီး ဖြစ်လာ တာပေါ့။ ပြည်ထောင်စုကြီး တခု လုံးရဲ့ တာဝန်ဟာ တို့ တဦးစီရဲ့ တာဝန်ပဲ။ တို့ တဦးစီ တာဝန် ကျေမှ တိုးတက် ပါမှ တို့ ပြည်ထောင်စုကြီး တခုလုံး အေးချမ်းမယ် ဆိုပြီး ဆရာ့ စိတ်ထဲမှာ အမြဲ စွဲနေတယ်။"


ဆရာ မင်းသုဝဏ်က 'တို့မလေး' ကဗျာနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားသော စာပေ စကားများ ဖြစ်ပါသည်။ 'တို့မလေး' ကဗျာ မူရင်းကို ဖော်ပြ လိုက်ပါသည်။ တို့မလေး ကဗျာသည် အသုံးလုံး ကဗျာ တပုဒ် ဖြစ်၍ 'အလင်းဈေးနှင့် စာတတ်မြောက်ရေး လှုပ်ရှားမှု အခြား ကဗျာများ' စာအုပ်တွင် ပါဝင် ပါသည်။-

'တို့မလေး'


အိမ်ခေါင်မိုးမှာ သူထိုးလာသည်။

ပေလွှာစာချပ်၊ အဝေးရပ်က

ဆံဖြတ်မောင်ရေး၊ အလွမ်းတေးကို

မလေးဖတ်နိုင်ခဲ့ဖူးပြီ။


ရွှေဝသို့သွား၊ ချစ်သူအားလျှင်

မှာကြားပို့လေ၊ လွမ်းစာခွေဟု

မပြေမလှ၊ နွဲ့လျလျနှင့်

မိန်းမလက်ရေး၊ ငယ်သေးသေးကို

မလေးခြစ်နိုင်ခဲ့ဖူးပြီ။

သို့ပင်ဖြစ်လည်း

ချစ်သူနှင့်ဝေး၊ တို့မလေးကား

ရေးလည်းမတတ်၊ ဖတ်မတတ်နှင့်

စာငတ်ပေငတ်၊ အသိငတ်သည်

မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံထောက်မ၍ ၊ဤယနေ့မူ

နွေငွေ့လျှပ်လျှပ်၊ ပူစပ်စပ်တွင်

ထန်းပလပ်ရိပ်၊ တမာရိပ်၌

ချစ်ရိပ်ခိုဝင်၊ စာကို သင်သော်

မပင်မပန်း၊ အမြင်ဆန်းသည်

မျက်ကန်းမလေး မြင်လေပြီ။



(င) ဖိုးမောင်လာပြီ


"ဆရာတို့ ငယ်စဉ်က အင်္ဂလိပ် စာထဲမှာ (Ballad) ခေါ်တဲ့ ကဗျာ တမျိုး၊ မြန်မာလို ဝတ္ထု ကြောင်းပါတဲ့ ကဗျာ (Story poem) ကို ဆိုလိုတယ်။ ကျောင်းဆရာ အနေနဲ့ ကဗျာ သင်ပေးတဲ့ အခါ ပျို့ကြီး တွေသာ ရှိတယ်။ အပိုဒ် ပေါင်း ၁၀၀ -၂၀၀ ပါတာချည်း တွေ့ရတယ်။ ရှည်တာလည်း ပါ။ ရှေးက ဗုဒ္ဓ ဘာသာကို မှီရေးတဲ့ ကဗျာ ဆိုတော့ အထက်တန်း အလယ်တန်း ကျောင်းသား တွေကို သင်ပေးဖို့ မဖြစ်နိုင်၊ လူဆို တာလည်း လူမှန်း သိကတည်းက ပုံကို နားထောင် လာကြတော့ စောစောက ဝမ်းထဲက ထွက်လာတဲ့ ကဗျာ အပြင် ၊ ပုံပြင် ပါတဲ့ ကဗျာကို သင်ပေး ရရင် ကောင်းမယ် ဆိုတဲ့ စိတ်ဝင် စားမယ် ဆိုတဲ့ ဆန္ဒ ဖြစ်လာတယ်။ ဆရာ တို့က အင်္ဂလိပ် စာပေ ကိုလည်း လေ့လာ ခဲ့တယ်။ ဆရာက (Ballad) ကဗျာ ပုံစံ အတိုင်း ပုံပြင် ကဗျာ ရေးမယ် ဆိုပြီး ရေးတယ်။ ရေးတော့ ဒီ ပုံပြင်ဟာ တကယ် ဖြစ်ချင် ဖြစ်မယ်။ ဒီကဗျာမှာ ဆရာ့ စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာ တမြေတည်း နေ တရေတည်း သောက် အကျိုးကို ဆောင်ရွက် ရမယ်လို့ တရား ဟောချင်တယ်။ ကိုယ့် ရပ်ရွာသား၊ တိုင်းသား ပြည်သား၊ ကမ္ဘာသူ ကမ္ဘာသား အကျိုးကို လူတိုင်း ဆောင်ရွက် သင့်တယ်။

ကုဋေ ကုဋော ချမ်းသာတဲ့ သူဌေးက ဇရပ်၊ ဆေးရုံ ဆောက်မှ သာလျှင် တိုင်းပြည် အကျိုး ဆောက်ရွက်တာ မဟုတ်၊ တံငါသည် သော်မှ ကိုယ့်ရပ်သူ ရွာသားများ ငါးစိမ်း ငါးစို စားရအောင် ရပ်ရွာ အကျိုး ဆောင်ရွက် ရတယ်။ နောက်ဆုံး ရွာသူ ရွာသားတွေ ဓားပြ လက်ထဲ မကျအောင် အသက် စတေး သွားတယ်။ အဲဒီလို ပရဟိတ ဆောင်ရွက်သူ ဘယ် အဆင့်အတန်း ဘယ်အလွာမှာ မဆို ရှိတယ်။ လွတ်လပ်ရေး ရပြီးနောက် တိုင်းသစ် ပြည်သစ် ထူထောင်ရာမှာ ဒီလို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ဆရာတို့ ကဗျာ ဝါသနာ ပါတဲ့ ကျောင်းသား ကျောင်းသူတွေ အဲဒီစိတ် ပေါ်အောင် ဆိုပြီး ရေးတာ၊ ဒီမှာ ရည်ရွယ်ချက် ရှိတယ်။ ပုံစံက ကဗျာ ပုံပြင် ပုံစံ၊ ရည်ရွယ်ချက်က ပရဟိတ ဆောင်ရွက် စေချင်တဲ့ ဆန္ဒ အခြေခံပြီး ကဗျာ ရေးတာ။ တတိယ အချက်က စီးပွားရေး သောင်းကျန်းတဲ့ ခေတ် မဟုတ်၊ လူတန်းစား မရွေးတဲ့ ခေတ်မှာ တံငါလို နိမ့်ကျ ဆင်းရဲတဲ့ လူတန်းစားသော်မှ တိုင်းပြည်အကျိုး ဆောင်ရွက် နိုင်တယ် ဆိုတာ သိစေ ချင်တယ်။ ဒီကဗျာမှာ သူတလည်း ပါတယ်။ ရသလည်း ပါတယ်။ ဒါကြောင့်မို့ သုတ ရသ စာပေလို့ ခေါ်တယ်။"


(စ) ပေါက္ကံပြည်၌


ကြားလိုသေးသည်၊ ပေါက္ကံပြည်၌ နေခြည်ရောင်ဖြိုး၊ ယာခရိုးတွင် ရွှေချိုးသံသာကူသည်ကို။ နမ်းလိုသေးသည်၊ ပေါက္ကံပြည်၌ စိတ်ကြည်ရာဇ၊ ကုမာရ၏ မွေးဖဂုဏာ၊ တုံ့ပြန်ပါသည် မေတ္တာရနံ့ကြူသည်ကို။ ဖူးလိုသေးသည်၊ ပေါက္ကံပြည်၌ ရောင်ခြည်ဝင်းပ၊ ကျောင်းဂူလှဟု မြန်မာ့ဦးစွန်းလူသည်ကို။


(၁၉၄၆)


"(၁၉၄၆) ခုနှစ်မှာ ရေးတယ်။ (၁၉၄၅) မှာ ရန်ကုန်မြို့ မဂိုလမ်း (ရွှေဘုံသာ လမ်း) မှာ အရေးပေါ် တက္ကသိုလ် ဖွင့်တယ်။ (၁၉၄၅) မှာ ကထိက အဖြစ် ခန့်ထားခြင်း ခံရတယ်။ အဲဒီ အချိန်မှာ မြန်မာပြည် ကျွန်ဘဝ ရှိသေးတယ်။ ဆရာတို့ ခေတ်က လူတွေက ဝမ်းထဲမှာ လွတ်လပ်ရေး ရဖို့ အမြဲ ရှိတယ်။ ဘာတွေးတွေး၊ လွတ်လပ်ရေး၊ ကိုယ့်တိုင်းပြည် ကြီးပွား ခဲ့တာ၊ သူရဲကောင်း ထွက်ခဲ့တာ၊ မြန်မာ့ ယဉ်ကျေးမှု အခြေခံ ဖြစ်တဲ့ ပုဂံ ပြည်ကို တခေါက် သွားလည်ပြီး မြန်မာ အနုပညာ လက်ရာ များရဲ့ ရသကို ခံစား ချင်စိတ် ပေါ်လာတယ်။ ဒုတိယ အချက်က ရာဇကုမာရဟာ သူ့ ဖခင်က ထီးနန်း စည်းစိမ် မပေး မြေးကို ပေးပေမယ့် ဖခင်ကို စိတ်မဆိုးဘဲ၊ အမျှဝေ၊ ကျေးဇူးဂုဏ် ဖော်တယ်။ မုန်းစရာ ကောင်းတာကို ချစ်တဲ့ စိတ်နဲ့ အမျက် ဒေါသကို တော်လှန်တဲ့ သူရဲကောင်းမျိုး ရှေးက ပေါ်ခဲ့တယ်။ ခုလည်း ပေါ်စေ ချင်တယ်။ မြန်မာ တို့ဟာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ပြန်ဖြစ် စေချင်တဲ့ ခံစားချက်နဲ့ ပေါက်ကွဲ ထွက်လာတဲ့ ကဗျာ ဖြစ်တယ်။ အတွေ့ အကြုံပေါ် မူတည်ပြီး ခံစား ဖူးတာ တွေကို မူတည်ပြီး သိုသိပ် မထားနိုင်လို့ ပေါက်ကွဲ လာတဲ့ ကဗျာ ရသ စာပေပေါ့။ (၁) သဘာဝတရား (၂) ပတ်ဝန်းကျင် (၃) လူတို့၏ ကျိုးစား အားထုတ် မှုကြောင့် ပေါ်ပေါက် လာသော ယဉ်ကျေးမှု 'ပေါက်က္ကံပြည်' ခေါ်တာပေါ့။ ပြည်ထောင်စု မြန်မာ နိုင်ငံ တခုလုံး ရှေးရှု စေတနာ ထားပြီး ဖြစ်ပေါ် လာသော ကဗျာစိတ် ၊ စစ်ပြီး ခါစ (ဒုတိယ ကမ္ဘာ စစ်) မှာ မြန်မာ လူမျိုး အနေနဲ့ အလူးအလဲ စစ်ဒဏ် ခံရလို့ သဘာဝရဲ့ အလှကို မေ့ပျောက် ခဲ့ရတယ်။ ဆင်းရဲ ပင်ပန်း သောကြောင့် ပြည်ထောင်စု သားတို့ရဲ့ နဂို ရှိပြီး မေတ္တာ ဂရုဏာ စိတ်တွေ ကလည်း ချို့တဲ့ ကုန်တယ်။ ဘိုး၊ ဘေး၊ ဘီ၊ ဘင်က ဆောက်ထားတဲ့ အဆောက်အအုံ တွေဟာ မီးလောင် ပြာကျ ကုန်ပြီး စစ်ပြီးတဲ့ အခါ စဉ်းစားဉာဏ် ရှိတဲ့ သူတိုင်းမှာ ပေါ်ပေါက် လာတဲ့ စိတ်က ပြန်လည် ထူထောင်ဖို့။

အဲဒီ အချက် (၃) ချက်က ဆရာ့ အဖို့ ထီးထီးကြီး ပေါ်လာတယ်။ တို့ ဘိုးဘေး ဘီဘင် လက်ထက်က သာယာ ခဲ့တဲ့ ရေမြေ တောတောင် သဘာဝ၊ လေ၊ ငှက်တွေ ပြန်လည် ရွှင်ရွှင်ပျပျ ဖြစ်တာတွေ မြင်ချင် လာတယ်။ မြန်မာ စာပေ ပေါ်တာ၊ ပုဂံ ခေတ်က မြန်မာစာ အနေနဲ့ ခုထိ ကျောက်ထက် အက္ခရာ တင်ရှိတာ ရာဇကုမာရ ကျောက်စာ (သို့) မြစေတီ ကျောက်စာ ဒီ ကျောက်စာထဲ ပါတဲ့ အရေးအကြီးဆုံး အနှစ်သာရက ကျေးဇူး တုံ့ပြန်မှု၊ မြန်မာ စာပေရယ်လို့ ပွဲဦး ထွက်လိုက်တဲ့ စာမှာကို ကျေးဇူး တုံ့ပြန်မှု တရားဟာ ထီးထီးကြီး ပေါ်ပေါက် လာတယ်။ သာမန် လူတို့ သိတဲ့ ကျေးဇူးမျိုး မဟုတ်၊ မြေးကို ထီးနန်း ပေးပြီး မိမိကို မပေး သော်မှ စိတ်မဆိုး၊ စိတ်မကွက်၊ ငြိုငြင်မှု မရှိ၊ ကျွေးမွေး ပြုစု ခဲ့တဲ့ ကျေးဇူးကို ထောက်ထား၊ ဒီ မေတ္တာ စိတ်ဟာ ကျေးဇူး သိတတ်တဲ့ စိတ် ကလေးဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ညှိုးမှိန် သွားတယ်။ မြန်မာ လူမျိုး အနေနဲ့ လူမျိုး မရွေး ၊ ငါးပါး သီလ စောင့်ရမယ် ဆိုတာ ညှိုးငယ် သွားပြီး ခိုးစရာရှိ ခိုးမယ်၊ တိုက်စရာရှိ တိုက်မယ် ဆိုတဲ့ စိတ်ကလေး ခေါင်းထောင် ထလာတယ်။ အဲဒီစိတ် မြန်မာ့ အခြေခံ ကိုယ်ကျင့် တရား ညှိုးမှိန် သွားပြီ ဆိုပြီး ဒုတိယ အပိုဒ် ရေးတာ နမ်းလို သေးသည် ဆိုတာက ယခင် အခြေ အနေမျိုး ပြန်ဖြစ် စေချင်တယ် ဆိုတဲ့ သဘော။

ယဉ်ကျေးမှု၊ ကဗျာ၊ လင်္ကာ၊ စကားပြေ၊ ပန်းချီ၊ ပန်းပု စတဲ့ ယဉ်ကျေးမှု များဟာလည်း စစ် အတွင်းမှာ စစ်ဒဏ် ဗုံးဒဏ်ကြောင့် ကဗျာ မရေးနိုင်၊ ဝတ္ထု မရေးနိုင်၊ ယဉ်ကျေးမှုကို မလုပ်နိုင်၊ ပြေးလွား နေရလို့ ဘိုးဘေး ဘီဘင် လုပ်ခဲ့တဲ့ ယဉ်ကျေးမှု ပျက်စီး သွားတယ်။ တက္ကသိုလ် အဆောက်အအုံ၊ စာကြည့်တိုက်၊ ပြာပုံ ဘဝ ရောက်ခဲ့ ရတယ်။ အဲဒါ တွေကို ပြန်ပြီး မြင်ချင်တယ် ဆိုတဲ့ ဆန္ဒကို မျိုသိပ် မထား နိုင်လို့ ပေါက္ကံ ပြည်၌ ဆိုတဲ့ ကဗျာဟာ မွေးဖွား လာရတယ်။"


ဗိုလ်မှူး ဘရှင်၊ ဦးဘိုကေ၊ ဦးဝန် (ဆရာ မင်းသုဝဏ်)၊ မစ္စတာ လု(ခ်)

(ဆ) ဆရာ မင်းသုဝဏ်နှင့် တွေ့ဆုံပြီး အောက်ပါ မေးခွန်း များကို မေးမြန်း၍ ဆရာက ပြန်လည် ဖြေကြား ခဲ့ပါသည်။


မေး ။ ။ ဆရာ့ အနေနဲ့ ကဗျာ တပုဒ်ကို ရေးစပ်ရာတွင် မည်သည့် ရည်ရွယ်ချက်နဲ့ ရေးပါ သလဲ ဆရာ။


ဖြေ ။ ။ ကဗျာတပုဒ် စာတပုဒ် ရေးတဲ့ အခါ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရိုးရိုး ပြောရမယ် ဆိုလျှင် မိမိ ဝမ်းထဲတွင် အောင့်မထား နိုင်လို့ ထုတ်ပြော လိုက်ခြင်း၊ ထုတ်ရေး လိုက်ခြင်း ပါပဲ။ တနည်း အားဖြင့် မိမိ ပြောလိုတဲ့ စကား တွေကို ထုတ်ရေး တာကို ဥဒါန်းလို့ ခေါ်ပါတယ်။ ပါဠိ စကား အစစ် ကတော့ 'ဥဒါန' ပါ။ 'ဥဒါန' ၏ ပုဒ်နက် ကတော့ အသက် ရူထုတ်ခြင်းလို့ အဓိပ္ပာယ် ရတယ်။ ရင်ထဲမှာ ပြည့်ကျပ် နေလို့ အန်ထွက် လာတဲ့ သဘောမျိုး ကိုပဲ ဆိုရာ ရောက်တယ်။ ဒီနေရာ မှာတော့ ပါဠိ စကား 'ဥဒါန' နဲ့ အင်္ဂလိပ် စကား Inspiration ကို ဆက်သွယ် ကြည့်ရင် ဖြစ်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။ အနောက် နိုင်ငံသားတွေ ကဗျာ ရေးရာမှာ (Inspration) ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ ဆရာတို့ မြန်မာ တွေမှာလည်း ဥဒါန်း သဘော ပါမှ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုချင် ပါတယ်။ 'ဥဒါန' နဲ့ Inspration သဘောချင်း တူပေမယ့် ပုဒ် အနက်ချင်းတော့ ပြောင်းပြန် ဖြစ်နေ ပါတယ်။ 'ဥဒါန' က အသက်ရူ ထုတ်ခြင်းလို့ အနက် ထွက်ပါတယ်။ Inspiration က အသက်ရူ သွင်းခြင်းလို့ အနက် ထွက်ပါတယ်။ ဘယ်သူက ဘယ်သူ့ ထဲကို ဘာများ ရူသွင်း သလဲ ဆိုသည်ကို ကဗျာနတ်က ကဗျာ ဆရာ၏ ဝမ်းထဲကို ကဗျာ ဓာတ်တွေ ရူသွင်း တယ်လို့ မှတ်ရ ပါတယ်။ သို့မှသာ ကောင်းမြတ်တဲ့ ကဗျာတွေ ထွက်ပေါ် လာနိုင် ပါမယ်။ နောက်ဆုံး ပြောရ ရင်တော့ ကဗျာ ရေးတဲ့ အခါ မဗျာ မစပ်မီ ရည်ရွယ်ချက် ဆိုတာ မရှိဘူး။ နောက်မှ မိမိ ရင်ထဲမှ ခံစားချက် ထုတ်ဖော်ပြီး ရေးလိုက် တာပါပဲ။


မေး ။ ။ ဆရာ မည်သည့် အသက် အရွယ်က စပြီ ကဗျာ ရေးပါ သလဲ။


ဖြေ ။ ။ ဆရာ အသက် (၁၃) နှစ်က စပြီး ကဗျာ ရေးခဲ့ ပါတယ်။


မေး ။ ။ ကလေး ကဗျာများ ကိုရော ဘယ် အချိန်က စပြီး ရေးခဲ့ပါသလဲ။ ဘယ် ကဗျာကို အရင်ဆုံး ရေးခဲ့ ပါသလဲ ဆရာ။


ဖြေ ။ ။ ကလေး ကဗျာများ ကိုတော့ (၁၉၃၁) ခုနှစ် ဇွန်လ (၁၁) ရက်နေ့က စပြီး ရေးခဲ့ ပါတယ်။ ဆရာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာ ကတော့ 'သပြေသီးကောက်' ကဗျာလေးပဲ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ စာရေးဆရာ ဘာကြောင့် ဖြစ်လာ ရပါ သလဲ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ စာရေး ဆရာ ဖြစ်လာ ရတဲ့ အကြောင်းကို ပြောရမယ် ဆိုရင်တော့ အရှည်ကြီး ပါပဲ။ အဲဒါကို ရှင်းရှင်းလေး ပြောပြ ရမယ်ဆို ရင်တော့ ဆရာ ကြီးပြင်း ခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေကို အရင် ပြောပြ ပါ့မယ်။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ ဆရာ့ရဲ့ ဇာတိ ကွမ်းခြံကုန်း မြို့ရဲ့ ပတ်ဝန်းကျင်က ဆရာ ကဗျာ ဖွဲ့ဖြစ်အောင် ဖန်တီး သလိုပဲ။ ဆရာ ငယ်စဉ်က နေခဲ့တဲ့ အိမ်ဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်း နာတာပူချိုး (ယခု မင်းသုဝဏ်လမ်း) ထိပ်မှာ ရှိတယ်။ ဆရာ့ အိမ်ရှေ့ မှာတော့ ချောင်း ရှိတယ်။ ချောင်း ကမ်းစပ်မှာ လမုပင်တွေ၊ ခရာချုံတွေ၊ နောက်ပြီး သပြေပင်လဲ ရှိတယ်။ အဲဒီ ချောင်းမှာ ဆရာ တို့ဟာ ကလေး ဘဝ မိုးရွာတဲ့ နေ့တိုင်း လှေငယ် တစင်းနဲ့ ချောင်းထဲမှာ လှော်၊ သပြေသီး မှည့်လေးတွေ ကောက်၊ ဆရာ့ အိမ်ခေါင်း ရင်းက ဆရာ့ အဒေါ် အိမ်ရဲ့ ခရေပင်က ခရေ ပန်းလေးတွေ ခူးပြီးတော့ ရေကွပန်းကန်ကွဲ စေ့လေး တွေနဲ့ ပန်းရောင်းတန်း ကစား ရတာ တယ်ပြီး ပျော်စရာ ကောင်းခဲ့ တာပဲကွယ်။ နောက်ပြီး ဆရာတို့ အိမ်ရဲ့ အရှေ့ ဘက်မှာဆို စိမ်းစို နေတဲ့ ဓနိခြံတွေ၊ အုန်းခြံတွေ၊ လယ်ကွင်းတွေ ရှိတယ်။ ဆရာ ငယ်ငယ်က ကွမ်းခြံကုန်းမြို့ ဆိုတာလည်း ရွာကြီး တရွာလောက်သာ ရှိတာကိုးကွဲ့။ ဆရာ့ အိမ်ရဲ့ ပတ်ဝန်းကျင် မှာလဲ ဆရာ့ သွေးသား မကင်းတဲ့ သူတွေ နေတယ်။ တခြား လူတွေ ကလဲ တရွာတည်း သားတွေ ဆိုတော့ ဆွေမျိုး လိုပဲ ရင်းနှီး ကြတယ်။ ခင်မင် ကြတယ်။ ရိုင်းပင်း ကြတယ်။ ဝါတွင်း ကာလ ဥပုသ်နေ့ ဆိုရင် ဆရာတို့ ငယ်ငယ်လေး ကတည်းက အဘတို့၊ အမေတို့၊ ဘုန်းကြီး ကျောင်းကို သီလ ယူသွားရင် လိုက်သွား ကြတယ်။ လူကြီး တွေနဲ့ အတူ ဥပုသ် သီလ ဆောက်တည် ပြီးမှ ညနေစောင်းမှ အိမ်ပြန် လာကြတယ်။ ဆရာ တို့က ကလေး ဆိုတော့ ဥပုသ် ရတယ် လို့တော့ သိပ်မရှိဘူး ပေါ့ကွယ်။ နောက်ပြီး ဆရာ တို့ဆီမှာ လယ်သမား၊ ချောင်းသမား များတယ်။ နေ့စဉ်နှင့် အမျှ လယ်လုပ် သူတွေ ဘယ်လောက် ပင်ပန်းတယ်၊ ဘယ်လို နေကြ ရတယ်၊ လယ်ယာ လုပ်ကိုင်ပြီး သီးနှံ ပေါ်ချိန်မှာ စပါး ရောင်းချပြီး ရှင်ပြု၊ ရဟန်းခံ အလှူပွဲ တွေကို သိုက်သိုက်ဝန်းဝန်း ကျင်းပ ကြတယ် ဆိုတာ ဆရာ့ မျက်မြင် ကိုယ်တွေ့ တွေလေ။ ဆရာက တောမှာ ကြီးပြင်း ခဲ့ရသူ ဆိုတော့ ကျေးရွာက လယ်သမား တွေရဲ့ ဘဝ၊ ကျေးရွာ စရိုက် တွေကို နှစ်သက် တာနှင့် အမျှ ဆရာ သူတို့ ဘဝကို ခံစား မိတယ်။ အဲဒီက စပြီး ဆရာ ကဗျာ တွေကို ရေးမိတယ်။ ရန်ကုန် ရောက်တော့လဲ မိဘနှင့် ရွာကို လွမ်းတိုင်း ဆရာ ကဗျာကို ရေးဖြစ် သွားတာပဲ။


မေး ။ ။ ဆရာ မည်သည့် အချိန် အခါ မျိုးမှာ စာရေး တတ်ပါ သလဲ ဆရာ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ များသော အားဖြင့် အာရုဏ် မတက်မီ အချိန်မှာ ရေးလေ့ ရှိပါတယ်။


မေး ။ ။ ဆရာ ငယ်စဉ်က မည်သို့သော စာပေကို နှစ်သက် စွဲလမ်း ခဲ့ပါ သလဲ ဆရာ။


ဖြေ ။ ။ ဝေါဟာရ လိနတ္တ ဒီပနီ၊ ဝေါဟာရ ပကာသနီ၊ ဘာသာစုံ အဘိဓာန်များ ဖြစ်ပါတယ်။


မေး ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ် ခံရတဲ့ ကဗျာက ဘယ်ကဗျာ ပါလဲ၊ ဘယ်နှစ် ခုနှစ်မှာ ပုံနှိပ် ခံရ ပါသလဲ။ ဘယ် မဂ္ဂဇင်းမှာ ပုံနှိပ်ခြင်း ခံရတယ် ဆိုတာ သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာရဲ့ ပထမဆုံး ပုံနှိပ်ခြင်း ခံရတဲ့ ကဗျာ ကတော့ 'မိုးရာသီဘွဲ့' ဖြစ်ပြီး (၁၉၂၆) ခု ဇူလိုင်လထုတ် ဒဂုန် မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခြင်း ခံရ ပါတယ်။


မေး ။ ။ ဆရာ့ စာတွေ ပေါ်တွင် လွှမ်းမိုးသော စာပေနှင့် စာရေးဆရာ ကိုလည်း သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာ့ စာပေ ပေါ်တွင် လွှမ်းမိုးတဲ့ စာရေးဆရာနဲ့ စာပေ ကတော့ ရှင်မဟာ ရဌသာရရဲ့ ရတုနဲ့ ပျို့များ၊ ရှင်ဥတ္တမကျော်၏ တောလားကြီး၊ န၀ဒေးကြီး၊ နတ်ရှင်နောင်၊ စိန္တကျော်သူ တို့ရဲ့ ရတုတွေ၊ မယ်ခွေရဲ့ အဲချင်း၊ ပဒေသရာဇာ၏ တျာချင်း၊ နောက်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေ၊ ဆရာ ဇော်ဂျီရဲ့ ကဗျာတွေ၊ မုံရွေး ဆရာတော်ရဲ့ သမန္တစက္ခု ဒီပနီ၊ ဦးခြိမ့်ရဲ့ ကဝိ လက္ခဏာ ဒီပနီတို့ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကိုလည်း ပြောပြ စေချင် ပါတယ်။


ဖြေ ။ ။ ဆရာ အနှစ်သက်ဆုံး နိုင်ငံခြား စာရေး ဆရာတွေ ကတော့ William Wordsworth, John Keats, Richard Jeffeief, John Colare တို့ ဖြစ်ကြ ပါသည်။


မေး ။ ။ ဆရာ အများဆုံး ပါဝင် ရေးသား ခဲ့သော စာနယ်ဇင်း အမည် ကိုလည်း သိပါ ရစေ။


ဖြေ ။ ။ ဆရာ အများဆုံး ပါဝင် ရေးခဲ့တဲ့ မဂ္ဂဇင်း ကတော့ ရှုမဝ မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။


မေး ။ ။ ဆရာ ရေးသား ခဲ့တဲ့ ကဗျာတွေ ထဲက ဆရာ အနှစ်သက်ဆုံး ကဗျာက ဘယ်ကဗျာ ဖြစ်တယ် ဆိုတာ သိပါ ရစေ။


ဖြေ ။ ။ ဆရာ့ အနေနဲ့ ဆရာ စပ်ဆို ထားတဲ့ ကဗျာ တွေကို ဘယ်ကဗျာ ကိုတောင်မှ အနှစ်သက်ဆုံးလို့ ပြောဖို့ ခက်ပါတယ်။ ဥပမာကွယ် - မိဘက သားသမီး တွေကို ဘယ်နှစ်ယောက် ရှိရှိ အဲဒီ သားသမီး တွေကို တန်းတူ ချစ်ကြ သလိုပေါ့။ ဆရာလည်း ဆရာ ရေးထား ပြီးသမျှ ကဗျာတွေ အားလုံးကို နှစ်သက် ပါတယ်။


မေး ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာများ ကိုလည်း သိပါ ရစေ ဆရာ။


ဖြေ ။ ။ ဆရာနှင့် ခေတ်ပြိုင် စာရေး ဆရာတွေ ကတော့ သိပ္ပံ မောင်ဝ၊ ဇော်ဂျီ၊ ဦးအေးမောင်၊ တက်တိုး၊ ဇဝန၊ သုခ၊ ဗိုလ်မှူး ဘသောင်း၊ မောင်ထင်၊ တိုက်စိုး၊ သင်္ခါ၊ သိန်းဖေမြင့် တို့ပဲ ဖြစ်ကြ ပါတယ်။


မေး ။ ။ ကလေး ကဗျာ များကို ရေးစပ်ရာတွင် ကလေးများ အပေါ် ထားရှိတဲ့ ဆရာ့ရဲ့ စေတနာနဲ့ ခံစားမှု ကိုလည်း သိပါ ရစေ။


ဖြေ ။ ။ ကလေး ကဗျာနဲ့ ပတ်သက်ပြီး၊ ပြောရ ရင်တော့ ဆရာ့ မိဘတွေက စရ ပါမယ်။ ဆရာ အခုလို ပညာတတ် တယောက် ဖြစ်ပြီး အေးအေး ဆေးဆေး လုပ်ကိုင် နိုင်အောင် ပညာ သင်ပေး ကြတဲ့ ဆရာ့ရဲ့ လက်ဦး ဆရာတွေ ကတော့ ဆရာ့ မိဘတွေ ပါပဲ။ ဆရာ့ မိဘ တွေဟာ သူတို့ ကိုကတော့ ပညာကို ကောင်းမွန်စွာ မသင် ခဲ့ရတော့ လယ် အလုပ်၊ ကုန်သည် အလုပ်ပဲ လုပ်ကြ ရပေမယ့် သူတို့ရဲ့ သားဖြစ်တဲ့ ဆရာ့ ကိုတော့ ပညာတတ် တယောက် ဖြစ်စေ ချင်တယ်။ ဆရာ့ မိဘ တွေမှာ ဒီလို အမြင်မျိုး ရှိလို့ ဆရာ ပညာ သင်နိုင် ခဲ့တယ်။ ဒါ့ကြောင့်လည်း ဆရာရဲ့ လက်ဦး ဆရာဟာ ဆရာ့ မိဘတွေ ပဲလို့ ဆိုတာပါ။

ဆရာ့ရဲ့ ပထမ ကျောင်းဟာ ကွမ်းခြံကုန်းမြို့ တောင်ဘက်ပိုင်းက နာတာပူချိုး ဖြစ်ပါတယ်။ ဒုတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ ကျားကျောင်း ဖြစ်ပြီး၊ တတိယ ကျောင်းကတော့ ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ဆရာ ရေးသားတဲ့ ကလေး ကဗျာတွေ ပေါက်ဖွား လာခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလို ဆိုရ သလဲ ဆိုရင် (၁၉၃၉) ခုနှစ် မှာပေါ့ ဆရာ ကလည်း ပထမနှစ် ဝိဇ္ဇာ စာမေးပွဲ ဖြေဆိုလို့ ပြီးချိန် ဆရာ့ မိဘတွေ ကလည်း စီးပွား ပျက်ချိန် ဖြစ်နေတယ်။ ဒါကြောင့် ဆရာဟာ ဇာတိ ဖြစ်တဲ့ ကွမ်းခြံကုန်းမြို့ကို ပြန်ပြီး ကွမ်းခြံကုန်းမြို့ အမျိုးသား ကျောင်းမှာပဲ ကျောင်းအုပ် ဆရာကြီး လုပ်ခဲ့တယ်။ ဒီလို လုပ်နေရာက အမျိုးသား ပညာရေး ဌာနက ထုတ်ဝေ ညွှန်ကြားတဲ့ ပညာရေး ပြက္ခဒိန်ကို ဖတ်လိုက်တဲ့ အခါမှာ ဆရာ့ အနေနဲ့ အလွန် စိတ်ဝင်စားတဲ့ အကြောင်းတရပ် ပါလာခဲ့တယ်။ ဒီအကြောင်းကတော့ ကလေးငယ် တွေကို ပျော်ရွှင်အောင် မျိုးချစ် စိတ်ဓာတ် ပေါ်လာအောင် ပညာ လိုချင်မှု သတ္တိ ရှိမှုတွေ ကလေးများ စိတ်ထဲတွင် ကိန်းအောင်း လာအောင် ကလေးတွေကို သီချင်း သင်ပေး ရမယ် ဆိုတဲ့ အချက်ပဲ။

ဆရာ့ အနေနဲ့ ကလည်း ကလေးတွေ စိတ်ထဲမှာ ဒီလို ခံစားချက် လေးတွေ ပေါ်လာအောင် ကဗျာ စပ်ပေးချင်တဲ့ စေတနာ ဖြစ်ပေါ် လာတယ်။ ဒါကြောင့်လည်း ဒီလို ကလေး ကဗျာမျိုး ရေးစပ် ရမယ် ဆိုတာကို အကြိမ်ကြိမ် စဉ်းစား ခဲ့တယ်။ အဲဒီ အချိန် ကလည်း မြန်မာပြည်မှာ ကလေးတွေ အတွက် သီးခြား စပ်ထားတဲ့ မြန်မာ ကလေး ကဗျာ ဆိုတာ ကလည်း စနစ်တကျ မရှိဘူးလေ။ အင်္ဂလိပ် ကလေး ကဗျာပဲ ရှိတာ ပါကလား။ ဒါကြောင့် ဆရာလည်း မြန်မာ ကလေး တွေနဲ့ နီးစပ်ပြီး မြန်မာ ကလေးတွေ နှစ်သက်မယ့် ကဗျာမျိုး စပ်ဖို့ စိတ်ကူးတယ်။ ဒီအခါမှာ ကလေး တွေဟာ ဘာ အကြောင်းကို ၊ ဘယ်လို အကြောင်း တွေကို သူတို့ စိတ်ဝင် စားမလဲ ဆိုတာ စဉ်းစားရင်း ဆရာ့ရဲ့ ငယ်စဉ် ကလေး ဘဝက နှစ်သက် စွဲလမ်းခြင်း ဖြစ်ခဲ့ ရတဲ့ ကလေး ဘဝ ပျော်ရွှင် ပုံလေး တွေဟာ ဆရာ့ စိတ်မှာ အလျှိုလျှို ပေါ်လာ ကြတယ်။ အဲဒီလို ဆရာ ငယ်စဉ်က ပျော်ရွှင် ခဲ့သလို ကလေး တွေလည်း ပျော်ရွှင် ကစား ရတာကို နှစ်သက် လိမ့်မယ်လို့ ထင်လို့ ဆရာ ငယ်စဉ်က အကြောင်းလေး တွေကိုပဲ ကလေးတွေ အတွက် ကလေး ကဗျာ ဖြစ်အောင် ကဗျာ ရေးဖွဲ့ ပေးခဲ့တယ်။

၁၉၃၁ ခု ဇွန်လ၊ (၁၁) ရက်မှာ 'သပြေသီးကောက်' ကဗျာကို စတင်ပြီး ရေးခဲ့တယ်။ အဲဒီ အချိန်မှာတော့ ကလေးများရဲ့ အကျိုးကို စဉ်းစားပြီး ကလေးတွေရဲ့ အကျိုး အတွက်သာ အာရုံ စိုက်နေ ခဲ့တဲ့ အတွက် တက္ကသိုလ် ကိုလည်း စိတ် မရောက် တော့ဘူးလေ။ 'ဝါဆို ဝါခေါင် ရေတွေ ကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်' ဆိုတဲ့ ကဗျာလေး ကိုပဲ ကျေကျေ နပ်နပ်နဲ့ စတင် ရေးတယ်။

ဒီကဗျာ လေးကို ရေးတာလည်း ဆရာ စိတ်ကူးယဉ်ပြီး ရေးတာ မဟုတ်ဘူးကွဲ့ ဆရာ ငယ်စဉ်က ဆရာတို့ ဇာတိ ဆိုတာ ကလည်း အောက်အရပ် ဖြစ်တော့ ချောင်းကန်လည်းပေါ၊ မိုးကလည်းများ မဟုတ်လား။ မြန်မာပြည်မှာ မိုးရာသီ ဖြစ်တဲ့ ဝါဆိုဝါခေါင် ဆိုရင် ဆရာ့ အိမ်ရှေ့က ချောင်းကလေး ကလည်း ရေလျှံ လာတယ်။ နောက်ပြီး ချောင်း နံဘေးမှာ ရှိတဲ့ သပြေသီး ပင်ကြီး ကလည်း အသီးတွေ မှည့်ပြီး ချောင်းထဲ ရေကွကျ နေပြီ။ အဲဒီတော့ ဆရာတို့ သူငယ်ချင်းတွေ လှေကလေးကို စီးပြီး ချောင်းထဲမှာ သပြေသီး ကောက်ခဲ့ ကြတာ အလွန် ပျော်စရာ ကောင်းတယ်။ ဒီလို ကစားနည်း မျိုးကို ဆရာတို့ ငယ်ငယ်က နှစ်သက် ခဲ့သလို ကလေးတွေလည်း နှစ်သက် ကြမယ်၊ ခံစား ကြမယ်၊ ခံစားတတ်လေ ချစ်တတ်လေ နောက်ပြီး တဆက်တည်း လိုပဲ ဆရာ သတိရ မိလိုက်တာက ဝါတွင်း ဥပုသ်နေ့ တွေမှာ အဘ၊ အမေ တို့နှင့် အတူ ဘုန်းကြီးကျောင်းကို လိုက်ပြီး သီလ ယူကြတယ်။ ဘုန်းတော်ကြီး ကျောင်းဝင်း ထဲမှ ကလေး ဘဝ တပျော်တပါး ဆော့ကစား ခဲ့ကြတယ်။ ဘုန်းကြီးတွေ ဆွမ်းစား ချိန်မှာလည်း ရဟန်းတော် တွေရဲ့ နားမှာ ထိုင်ပြီး ဘုရား ရှိခိုး ကြတယ်။ ဘုန်းကြီး ပေးတဲ့ ငှက်ပျောသီးကို ဝေပြီး စားခဲ့ ကြတယ်။ အဲဒီ အကြောင်း တွေကို ပြန်ပြောင်း သတိရတဲ့ အခါ 'ဆွမ်းအုပ် နီနီ အမေ ရွက်လို့' အစချီတဲ့ ဥပုသ်စောင့် ကဗျာလေးကို ရေးဖြစ် ခဲ့ပြန်တယ်။

ဆရာ ပြောခဲ့ဖူး သလိုပေါ့၊ ဆရာ့ရဲ့ အိမ်ရှေ့ဘက်က အုန်းခြံ၊ ဓနိခြံတွေ ထဲက ဥသြလေး တွေရဲ့ တွန်သံ ကိုလည်း နေ့အခါမှာ အမြဲ ကြားရတယ်။ နောက်ပြီး လူကြီးတွေ ပြောဖူးတဲ့ ဥသြငှက် ကလေးရဲ့ ပုံပြင်ကို ပေါင်းစပ်ပြီး 'စိမ်းစိမ်းညိုညို ဟိုဘက်တောက ရွှေဥသြလေး တွန်သံသာ' အစချီတဲ့ ရွှေဥသြ ကဗျာလေးကို ဇွန်လ (၁၂) ရက်မှာ ရေးဖွဲ့ လိုက်လေတယ်။ ရွှေဥသြ ကဗျာ ရေးတဲ့ အခါ မှာတော့ သပြေသီးမှည့် ကဗျာ ရေးစဉ်က ကဗျာ ပုံစံကို ရသွားပြီး ဖြစ်တဲ့ အတွက် ပိုပြီး ရေးရတာ သွက်လာတယ်။ ဆရာ ကိုယ်တိုင် ငယ်စဉ်က နှစ်သက် ခဲ့တဲ့ ကလေး သဘာဝ တွေကို ရေးဖွဲ့ ရလို့ တကယ်ပဲ ဝမ်းမြောက် မိတယ်။ ဒါကြောင့်လည်း 'ခရုလုံး'၊ 'ပိုးစုံးန်းကြူး'၊ 'သဘက်ဆေး'၊ 'တောက်တဲ့' ကလေး ကဗျာ တွေကို (၁၄) ရက်နေ့ ညနေမှာ ဆက်ပြီး ရေးခဲ့တယ်။

ဆရာ့ အနေနဲ့ ဒီလို ကလေး ကဗျာတွေ ရေးစပ် နိုင်တာကို ဝမ်းမြောက်တယ်။ ဆရာက အောက်ပြည်၊ အောက်ရွာသားမို့ အောက်ပြည်ရဲ့ သဘာဝနဲ့ အညီ ကလေးတို့ ပျော်ရွှင် နှစ်သက် ဖွယ်ရာလေးတွေ ကစားပုံလေး တွေကို ရေးလိုက် ရလို့ တခြား ရပ်ရွာက ကလေးတွေ အနေနဲ့လည်း အောက်ပြည် အောက်ရွာက ကလေး တွေရဲ့ ဘဝနဲ့ ကစားပုံ အောက်ပြည် အောက်ရွာက သဘာဝနှင့် အခြေအနေ လေးတွေကို တခြား ကလေးတွေ ဗဟုသုတ ရနိုင် လိမ့်မယ် လို့လည်း ဆရာ မျှော်လင့် ခဲ့တယ်။ ဒါကြောင့်လည်း ဆရာ ရန်ကုန် ကောလိပ်ကို ပြန်ရောက်တဲ့ အခါ ဒီကလေး ကဗျာ အားလုံးကို စုစည်းပြီး 'မောင်ခွေးဖို့ ကဗျာများ' လို့ အမည်ပေးပြီး စာအုပ် ထုတ်ဝေ ခဲ့တယ်။ ဒီစာအုပ် ထွက်လာတဲ့ အခါမှာ ဆရာ အနေနဲ့ ချီးကျူးခြင်း၊ ပြစ်တင် ဝေဖန်ခြင်းတွေ အမျိုးမျိုးကို ခံရပါတယ်။ အဲဒီလို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဆက်စပ်ပြီး ရလာတဲ့ 'မောင်ခွေးဖို့ ကဗျာလေး' ဟာ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က ဆရာ့ရဲ့ တတိယ ကျောင်းက စပြီး ပေါက်ဖွား လာခဲ့တယ်လို့ ဆိုလိုက် ရခြင်း ဖြစ်ပါတယ်။


ဒါကတော့ ကလေး ကဗျာနဲ့ ပတ်သက်ပြီး ကလေးတွေ ပေါ်မှာ ထားရှိ ခဲ့တဲ့ ဆရာရဲ့ စေတနာနှင့် ဆရာ့ရဲ့ ခံစားမှု ပါပဲ။

ရင်းမြစ်.....။ ဆရာမင်းသုဝဏ်ကွယ်လွန် ခြင်း (၆)နှစ်ပြည့် အထိမ်းအမှတ် ဖြင့် ဦးသန်းထွန် (ပါမောက္ခ ငြိမ်း)၊ ပညာရေး တက္ကသိုလ် ပြုစုတဲ့ ၂၀၀၆ ခုနှစ် မေလထုတ် "ဇော်ဂျီ၊ မင်းသုဝဏ် တို့၏ စာပေ စကား" နှင့် ၂၀၀၅ ခုနှစ် ဇူလိုင်လထုတ် ရာပြည့် ဦးစိုးညွန့် တည်းဖြတ်သည့် "၂၀ ရာစု မြန်မာ စာရေး ဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်း" စာအုပ် တွေက ဆရာ မင်းသုဝဏ် အကြောင်း ကောက်နှုတ်ချက် တွေကို စုစည်းပြီး 'ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား' အဖြစ် ပြန်လည် တင်ဆက် လိုက်တာ ဖြစ်ပါတယ်။
ရင်းမြစ်။။မြတ်လေးငုံ ရုပ်သံ။။ ကိုဝင်းမြင့်